လယ်သမားများ ဆန္ဒပြ

June 27, 2015

တောင်ဖီလာသင်္ချိုင်း အင်အားသုံးဖယ်ရှားမှု ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြမည်

ကလေးမြို့ တောင်ဖီလာမျိုးနွယ်စုတွေ ထိန်းသိမ်းလာတဲ့ တောင်ဖီလာသင်္ချိုင်းကို အာဏာပိုင်တွေက ဇွန် ၄ ရက်နေ့မှာ  ရဲအင်အားအပြည့်သုံးပြီး ဘူဒိုဇာနဲ့ ထိုးကော် မြေလှန်ခဲ့ကြတာကို မကျေနပ်တဲ့အတွက် ဒေသခံ လူအင်အား ၂၀၀၀ ကျော်ဟာ ဇွန်လ ၂၉ ရက်နေ့မှာ  ဆန္ဒဖော်ထုတ်ကြမှာဖြစ်ပါတယ်။ ဒါကတော့ ဘာသာရေးခေါင်းဆောင်ကြီးတွေအပါအဝင် အသင်းတော်ကြီးတွေက တစုတစည်းပူးပေါင်းကာ ဆန္ဒဖော်ထုတ်ကြမှာပါ။ အဲဒီသင်္ချိုင်းနေရာကို တိုင်းရင်းဆေးရုံဆောက်လုပ်ဖို့အတွက်ဆိုပြီး ဖယ်ခိုင်းရာကနေ အခုလို ကိစ္စမျိုးတွေဖြစ်လာတာဖြစ်ပါတယ်။ ဒီတောင်ဖီလာသင်္ချိုင်းကို မြို့တော်စည်ပင်က ၂၀၁၄  ခုနှစ် ဒီဇင်ဘာလကတည်းက ဖယ်ခိုင်းနေတာဖြစ်ပြီး ဒီသင်္ချိုင်းကို အင်္ဂလိပ်အစိုးရလက်ထပ်ကတည်းက မျိုးနွယ်စုခေါင်းဆောင်တွေက နယ်မြေအဖြစ်တောင်းပြီး အိမ်ခြေ ၈ အိမ်နဲ့ ရွာတည်ခဲ့တာဖြစ်ပါတယ်။  
6 years Ago

June 2, 2015

စားကျက်မြေပြန်ရရေး ထန်းတပင်ရွာသား ၁၀၀ ကျော် ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် တပြေးကျေးရွာအုပ်စုက ဒေသခံလယ်သမား ၁၀၀ ကျော်ဟာ ကြံ့ခိုင်ရေး အပါအ၀င် အာဏာပိုင်အဖွဲ့အစည်းတွေက သိမ်းယူခဲ့တဲ့ စားကျက်မြေတွေ ပြန်ရဖို့ ဇွန် ၂ ရက်က ထန်းတပင်မြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။ တပြေးကျေးရွာကနေ ထန်းတပင်မြို့ပေါ်အထိ လမ်းလျောက် ချီတက် ဆန္ဒထုတ်ဖော်ကြတာဖြစ်ပြီး ကျွဲနွားစားကျက်မြေ သတ်မှတ်ဖော်ထုတ်ပေးရေး၊ စားကျက်မြေကို ကျွဲနွားများ လွတ်လပ်စွာ အသုံးပြုနိုင်ရေး၊ စားကျက်မြေပေါ် စိုက်ပျိုးရေုး လုပ်ကိုင်နေသူများ အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ “ရွာသားတွေက သူတို့ ကျွဲစားကျက်၊ နွားစားကျက်တွေကို စားကျက်အတိုင်း ပြန်ထားပေးဖို့ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်”လို့ ရွာသားတွေကို ကူညီပေးတဲ့ ထန်းတပင်မြို့ခံ ဦးခင်မောင်ဝင်းက ပြောပါတယ်။ တပြေးရွာက စားကျက်မြေ ၂၅၀ ဧကကို ၁၉၉၃-၉၄ ခုနှစ်လောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ တခြားဌာနဆိုင်ရာ အဖွဲ့အစည်းတွေက သိမ်းယူခဲ့ပြီး လက်ရှိမှာတော့ သီးစားချစားနေတာဖြစ်တယ်လို့လည်း ဦးခင်မောင်ဝင်းက ပြောပါတယ်။ “ပြည်ခိုင်ဖြိုး၊ စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ တခြားဌာနဆိုင်ရာ အဖွဲ့အစည်းတွေက သိမ်းယူသွားတာပေါ့။ မြေက ဧက ၂၅၀ ၀န်းကျင်လောက်တော့ရှိတယ်။ ကျနော်တို့ ၂၀၁၂ ပြည်သူ့လွှတ်တော် သိမ်းဆည်းခံ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်ပေါက်လာတဲ့ အချိန်ကစပြီး သူတို့တွေ မြေတွေ ပြန်လည်တောင်းဆိုကြတယ်။ လက်ရှိ အဲဒီမြေပေါ်ကို သီးစားချထားတာရှိတယ်။ တချို့တွေလည်း အပြတ်ရောင်းစားထားတာ ရှိတယ်။” ဒီကနေ့ ဆန္ဒထုတ်ဖော်မှုကို တရားဝင်ခွင့်ပြုချက်ယူ လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ဒေသခံ ရွာသားတွေကို အာဏာပိုင်တွေက တစုံတရာ ဖမ်းဆီးအရေးယူခဲ့တာ မရှိပါဘူး။ [gallery ids="95580,95581,95582,95583,95584"]
6 years Ago
Up