လယ်သမားများ

June 29, 2019

လယ်သမားများအပေါ် အမြတ်မထုတ်ကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်သတိပေး

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ လယ်သမားတွေကို ထိခိုက်စေမယ့် အမြတ်ထုတ်တာမျိုး မလုပ်ဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၈ ရက်နေ့ ဓနုဖြူမြို့နယ်မှာ ပြုလုပ်တဲ့ တောင်သူလယ်သမားတွေနဲ့တွေ့ဆုံပွဲမှာ သတိပေးလိုက်ပါတယ်။ တွေ့ဆုံပွဲမှာ လယ်သမားကိုယ်စားလှယ်တဦးက ရာသီဥတု ပိုးမွှားနဲ့ သဘာဝဘေးကြောင့် သီးနှံတွေ ပျက်စီးချိန်တွေမှာ စပါးဈေးကျဆင်းတာတွေနဲ့ ပတ်သက်တဲ့ တင်ပြမှုအပေါ် ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။ ကိုယ့်အချင်းချင်းထိခိုက်မယ့် ပုံစံမျိုးနဲ့ အမြတ်မထုတ်ကြဖို့နဲ့ အားလုံးအတွက် အကျိုးရှိမယ့် အမြတ်ထုတ်မှုတွေကိုသာ လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ “လုပ်ငန်းရှင်ကြီးတွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေကို လိုက်ပြီးတော့အမြတ်ထုတ်ဖို့ မစဉ်းစားပါနဲ့။ ကျမတို့က အခြားလူအခြား ကိုယ့်အချင်းချင်း ထိခိုက်မယ့်ပုံစံနဲ့အမြတ်မထုတ်ပါနဲ့၊ အားလုံးအတွက် အကျိုးရှိစေမယ့် အမြတ်ထုတ်တဲ့ပုံစံနဲ့ပဲ ကြိုးစားကြပါလို့ ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်။ အဲ့လိုလုပ်လို့ရပါတယ်၊ အားလုံးအတွက်အကျိုးရှိစေဖို့အတွက် အမြတ်ထုတ်လို့ရပါတယ်၊ ငါရဖို့အတွက် သူရှုံးမှဖြစ်မယ်ဆိုတဲ့ အဲ့ဒီစိတ်ဓာတ်မျိုးနဲ့ မလုပ်စေချင်ပါဘူး။ ဒါလည်း ကျမတို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ သဘောပေါက်မယ်လို့ထင်ပါတယ်။ ကျမတို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ သူဌေးဖြစ်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ ကိုယ်သူဌေးဖြစ်ချင်လို့ရှိရင် တနိုင်ငံလုံးတိုးတက်အောင်လို့ ဖွံ့ဖြိုးအောင်လို့ ကိုယ့်ဘက်ကနေပြီးတော့ တတ်နိုင်သမျှကူညီဖို့လိုတယ်။” ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်မပိုင်ဆိုင်တဲ့ သိမ်းဆည်းမြေတွေကို ဖက်တွယ်မနေကြဘဲ မြန်မြန်ဆန်ဆန် ပြန်ပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ “တချို့ပြန်ပေးရမယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပြန်ပေးတဲ့ နေရာမှာ နှောင့်နှေးနေတယ်ဆိုတာ ကြားရပါတယ်။ နှောင့်နှေးနေတဲ့ ပုဂ္ဂိုလ်များ မနှောင့်နှေးဖို့ တိုက်တွန်းပါရစေ။ ကိုယ်မပိုင်ဆိုင်တဲ့ကိစ္စကို ဘာဖြစ်လို့ ကပ်ပြီး ဖက်တွယ် နေကြရမှာလဲ၊ မြန်မြန်ဆန်ဆန် ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်း ကောင်းပါ တယ်။ ကျွန်မတို့နိုင်ငံအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ အခု ထက်ထိ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တာကြောင့် လယ်ယာမြေကိစ္စဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်မပိုင်ဆိုင်တာ ကိုယ်ပြန်ပေးရမယ့် မြေတွေကို မြန်မြန် ဆန်ဆန် ပြန်ပေးခြင်းဟာ ကိုယ့်အတွက်လည်း သိက္ခာရှိတယ်၊ ကိုယ့်ရဲ့နိုင်ငံ အတွက်လည်း အကျိုးရှိတယ်ဆိုတာကို နှလုံးသွင်းပြီးတော့ မြန်မြန်ဆန်ဆန်ဖြစ်အောင် သက်ဆိုင်သူများက ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုနဲ့ ဓနုဖြူမြို့နယ်  တောင်သူလယ်သမားတွေ တွေ့ဆုံပွဲမှာ ဆန်စပါးလုပ်ငန်းရှင်တွေ၊ တောင်သူလယ်သမားတွေ ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။ သော်ဇင်မျိုး
2 years Ago

May 23, 2018

လယ်သမားများ စိုက်စရိတ်ချေးငွေအပြင် လယ်ယာသုံးပစ္စည်းများပါ ချေးငွေဖြင့် ဝယ်ယူနိုင်

မွန်ပြည်နယ်က လယ်သမားတွေအနေနဲ့ ထွန်စက်၊ ရိတ်သိမ်းခြွေစက်နဲ့ လယ်ယာသုံး စက်ပစ္စည်းတွေကို ချေးငွေထုတ်ပေးတဲ့ ဘဏ်တွေနဲ့ချိတ်ဆက်ကာ ၀ယ်ယူ၊ ငှားရမ်းနိုင်တယ်လို့ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနက သိရပါတယ်။ မေ ၂၂ ရက်က ကျင်းပတဲ့ဌာနဆိုင်ရာတွေနဲ့ တောင်သူတွေ့ဆုံပွဲမှာ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က တောင်သူတွေကို ပြောကြားခဲ့တာပါ။ “ကျနော်တို့ ဘဏ်တွေက နှစ်စဉ်ထုတ်ချေးနေတဲ့ စိုက်ပျိုးစရိတ်တွေချည်းပဲ မဟုတ်တော့ပါဘူး။ ဂျပန်ချေးငွေတွေကို အသုံးပြုပြီးတော့ ဘီးလင်းနဲ့ မုဒုံမြို့နယ်တွေက တောင်သူလယ်သမားတွေအတွက် လက်တွန်းထွန်စက်တွေ၊ ရိတ်သိမ်းခြွေစက်တွေနဲ့ ထွန်စက်ကြီးတွေကိုပါ ကျနော်တို့ ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ ချေးချင်တယ် ဆိုရင်လည်း မော်လမြိုင်မြို့နယ် ဘဏ်ခွဲနဲ့ ဆက်သွယ်လို့ ရပါတယ်။” လယ်ယာသုံးပစ္စည်းတွေအတွက် ချေးငွေရယူမယ့် တောင်သူတွေဟာ လက်တွန်း ထွန်စက်ဖြစ်ပါက ၃ နှစ်အတွင်း အကျေဆပ်ရမှာဖြစ်ပြီး စက်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို အကြွေးမကျေမချင်း ကြိုတင် စုဆောင်းရမှာဖြစ်တယ်၊ နောက်ဆုံးအရစ်ပေးသွင်းရ မယ့်အချိန်မှာ အဲ့ဒီစုဆောင်းငွေနဲ့နှိမ်ပေးမှာဖြစ်ပြီး အတိုးနှုန်း ၈ ရာခိုင်နှုန်းပေးသွင်းရမှာဖြစ်ပါတယ်။ လယ်သမားတဦးကို သိန်း ၅၀၀ ကျပ်အထိ ချေးငွေထုတ်ပေးမှာဖြစ်ပြီး တယောက်တည်း ချေးငွေယူဖို့ အဆင်မပြေပါက အစုအဖွဲ့တွေအနေနဲ့လည်း ချေးငွေရယူနိုင်သလို စုဆောင်းငွေ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး တလခွဲ (သို့မဟုတ်) နှစ်လခွဲအကြာမှာ ချေးငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ချေးငွေတွေကို ကျွဲကော၊ ဆီအုန်းစတဲ့ ဥယျာဉ်ခြံမြေလုပ်ငန်းတွေအပါအ၀င် အခြား မွေးမြူရေးလုပ်ငန်းတွေအတွက်လည်း ချေးယူနိုင်ပြီး မြန်မာစီးပွားရေးဘဏ်မှ တနိုင်ငံလုံး အတိုင်းအတာနဲ့  ၁၀၀ ဘီလီယံ၊ မြို့နယ်အဆင့်ကို သိန်း ၂၀၀ ကျပ်၊ ပြည်နယ်အဆင့်ကို သိန်း ၂၀၁ ကျပ်မှ သိန်း ၅၀၀ အထိချေးယူခွင့်ပေးထားမယ်၊ သိန်း ၅၀၁ ကျပ်မှ သိန်း ၃၀၀၀ အထိကို ရုံးချုပ်မှာ ချေးယူနိုင်ပြီး သိန်း ၃၀၀၁ ကျပ်မှ သိန်း ၅၀၀၀ အထိကို ၀န်ကြီးဌာနတွေမှာ ချေးယူနိုင်တယ်လို့ သိရပါတယ်။ လတ်တလောမှာ နှစ်တိုသီးနှံပင်တွေနဲ့ လယ်ယာသုံးပစ္စည်းတွေအတွက်သာ ချေးငွေ ထုတ်ပေးတာဖြစ်ပြီး ရာဘာလို နှစ်ရှည်သီးနှံတွေအတွက် အဆင်မပြေသေးဘူးလို့ဆိုပါတယ်။ မွန်ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက “ဒီရိတ်သိမ်းခြွေစက်တွေကို တမြို့နယ်ကို တစီးနှုန်း စုစုပေါင်း ၁၂ စီးလောက်နဲ့ စပါးစိုက်ပျိုးမှု များတဲ့နေရာတွေမှာဆိုရင် နှစ်စီးနှုန်းလောက် ချပေးနိုင်ခဲ့ပါတယ်။ ရိတ်သိမ်းတဲ့ကာလ ရောက်လာရင်တော့ အစီးရေ များများချပေးနိုင်ဖို့ မျှော်မှန်းထားတယ်။ ဒါပေမယ့် ၀ယ်လိုက် ရင်တော့ ကိုယ်ပိုင်ဖြစ်သွားပေမယ့် ပြည်နယ်တခုလုံးကို အများကြီး ဖြန့်ပေးနိုင်မှာ မဟုတ်တဲ့ အတွက် ကိုယ်ပိုင်မ၀ယ်တော့ဘဲနဲ့ သက်ဆိုင်ရာ ကုမ္ပဏီကနေပြီး စပါးရိတ်သိမ်းခြွေတဲ့ အချိန်မှာ ငှားရမ်းလိုက်မယ်ဆိုရင်တော့ မြို့နယ်တော်တော်များများကို အစီးရေများများ ဖြန့်ထားနိုင်မှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။ အရင်က စီမံကိန်းတခုကျလာမှ အကောင်အထည်ဖော်ရတဲ့အခြေအနေကနေ အခုအခါ အောက်ခြေတောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကို အခြေခံပြီး စီမံကိန်းရေးဆွဲကာ ဘတ်ဂျက်တောင်းခံပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နေပြီဖြစ်တယ်လို့ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ဆိုပါတယ်။ ဆန်စပါးနဲ့ ဥယျာဉ်ခြံမြေအများဆုံးလုပ်ကိုင်လေ့ရှိတဲ့ မွန်ပြည်နယ်မှာ စီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးမူဝါဒ ၅ ခု ချမှတ် ထားပြီး လယ်ယာကဏ္ဍက စပါး အပါအ၀င် ရာသီသီးနှံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရာဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဥယျာဉ်ခြံ သီးနှံဖွံ့ဖြိုးတိုးတက်ရေး၊ အသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ပါဝင်ပါတယ်။ သတင်း - အာကာမင်း
3 years Ago
More News
Up