လမ်းလုပ်သားများတင်လာသည့်ကားမှောက်

May 21, 2020

ဒီးမော့ဆိုတွင် လမ်းလုပ်သားများတင်လာသည့်ကားမှောက်ပြီး  ၃ ဦးသေ၊  ၉ ဦးဒဏ်ရာရ

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါလော်ခူကျေးရွာအနီးမှာ မနေ့ညနေ ၆ နာရီကျော်လောက်က  လမ်းလုပ်သားတွေ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ပြီး လူ  ၃ ဦး သေဆုံးကာ ၉ ဦးဒဏ်ရာရှိခဲ့ပါတယ်။ ဒေါဖုကျေးရွာမှာ ကတ္တရာထပ်ပိုးလွှာခင်း လုပ်ငန်းဆောင်ရွက်နေတဲ့ ဟေမန်လင်းကုမ္ပဏီက ယာဉ်မောင်း လှိုင်မင်းသူ (ခ) ချစ်ကူး မောင်းနှင်တဲ့ YGN 2B/1305 CANTER အပြာရောင်ယာဉ်နဲ့ သောက်သုံးရေသယ်ယူဖို့ လမ်းလုပ်သား (၁၁)ဦးနဲ့အတူ ဒေါကလော်ဒူကျေးရွာအုပ်စု၊ တနီးလာလဲရွာ ကန်ခုနှစ်ဆင့်မှာ ရေချိုးပြီး အပြန် တိမ်းမှောက်ခဲ့တာပါ။ ကားပေါ်မှာ ယာဉ်မောင်းအပါအဝင် လူ ၁၃ ဦးနဲ့ သောက်သုံးရေ ဂါလံ ၈၀၀ သယ်ဆောင်ပြီး အပြန်လမ်း ဒေါလော်ခူကျေး ရွာအနီး ၁ မိုင်ခန့်အကွာရှိ တောင်ကုန်းအတက်မှာ ကားက နောက်ပြန်လှိမ့်ကျပြီး တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် အသက်(၃၀) အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၂၃)နှစ်ရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၁၃)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ကားအောက်ပိမိပြီး အခင်းဖြစ်ပွားရာနေရာမှာ  သေဆုံးသွားပါတယ်။ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ကျန်တဲ့ ၉ ဦးကိုတော့ ဒီးမော့ဆိုဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ ဒီးမော့ဆိုရဲစခန်းကနေ သိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း လှိုင်မင်းသူ (ခ) ချစ်ကူးကို ယာဉ်မဆင်မခြင်မောင်းနှင်မှု  ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄(က) နဲ့  အမှုဖွင့်ထားပါတယ်။ ဓာတ်ပုံ- ငွေတောင်ပြည်နာရေးကူညီမှုအသင်း
11 months Ago
Up