လမ်းမီးရရှိရေး

December 17, 2019

မန္တလေးတမြို့လုံး လမ်းမီးရရှိရေး  ပြည်သူနှင့်စည်ပင် ပူးပေါင်းလုပ်ဆောင်နေ

၂၀၂၀ခုနှစ် နှစ်ကုန်ပိုင်းမှာ မန္တလေးမြို့အတွင်း တမြို့လုံးနီးပါး လမ်းမီးတွေ လင်းဖို့ စီမံချက်ချပြီးလုပ်ဆောင်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ အဓိကကျတဲ့ လမ်းမကြီးတွေအားလုံး လမ်းမီးထွန်းနိုင်ဖို့ ဆောင်ရွက်မှာဖြစ်ပြီး ညပိုင်းမြို့တွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့၊ ရာဇဝတ်မှုတွေ လျော့ကျစေဖို့နဲ့ ညပိုင်း လည်ပတ်သူတွေ အန္တရာယ်ကင်းစေဖို့ လမ်းမီးစိုက်ထူနေတာ ဖြစ်ပါတယ်။   ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွင်းမှာ မန္တလေးမြို့မှာ လမ်းမီးတိုင်ပေါင်း ၁၀၀၀၀ လောက် စိုက်ထူဖို့ အစီအစဉ်ရှိတယ်လို့ မန်းစည်ပင် ကော်မတီဝင်  ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ “၂၀၂၀မှာ မန္တလေးတမြို့လုံးနီးပါး မီးတွေလင်းသွားအောင် စီမံချက်ချပြီးတော့မှ လုပ်နေတယ်။ လောလောဆယ်အားဖြင့်ဆိုလို့ရှိရင် အဓိကကျတဲ့လမ်းတွေရဲ့ လမ်းဆုံတွေမှာ Triple arm လို့ခေါ်တဲ့ မီးလုံးသုံးလုံးပါတဲ့ ပိုလင်းတဲ့ မီးတိုင်တွေ စိုက်ထူပြီးတော့မှ ထွန်းနေတယ်။ ဘာကြောင့် ဒီလိုလုပ်သလဲဆိုရင် လမ်းဆုံတွေမှာ ညပိုင်းမှာ ယာဉ်မတော်တဆမှုတွေ နည်းနည်းပိုများလို့" လမ်းမီးတိုင်တွေအတွက် ကုန်ကျစရိတ်ကို စည်ပင်ဘဏ္ဍာငွေနဲ့ အသုံးပြုတာရှိသလို မြို့ခံအလှူရှင်တွေက ဝိုင်းပြီးတော့မှ လှူဒါန်းထည့်ဝင်ကြတာလည်း ရှိပါတယ်။  ပြီးခဲ့တဲ့နှစ်က သိန်းပေါင်း တသောင်းကျော်ဖိုးလောက် လမ်းမီးတိုင်တွေ ပြည်သူလူထုက လှူဒါန်းခဲ့သလို အခုနှစ်မှာလည်း  ဆက်ပြီးတော့ လမ်းမီးတိုင်တွေ လှူဒါန်းနေကြပါတယ်။  အဆောက်အုံနှင့်ကုန်ရုံ ဌာန ဌာနမှူး ဦးဇော်ဝင်းက “အဓိကလမ်းမကြီးတွေကို ကျနော်တို့စီမံချက်နဲ့ကျနော်တို့ ထွန်းနေတာ။ ဒါပေမဲ့ အဲဒီ အဓိကလမ်းမကြီးတွေမှာပဲ တချို့ပြည်သူကလှူချင်တာပေါ့၊ လှူချင်တယ်ဆိုလည်း သူတို့ရဲ့လှူတိုင်တွေကို ထည့်ပေးတယ်။ တခြားနေရာတွေကို  ကျနော်တို့က ကျနော်တို့ ဘက်ဂျက်တွေနဲ့ ထွန်းတာရှိတယ်။ တချို့လမ်းသွယ်လေးတွေကျတော့ ပြည်သူက မြန်မြန်လင်းချင်တော့ ပူးပေါင်းပါဝင်တာရှိတယ်”လို့ ပြောပါတယ်။ လှူဒါန်းရာမှာ Single arm မီးတိုင်တတိုင်ကို  ငွေကျပ်ခုနစ်သိန်းခွဲ၊ Double arm တစ်တိုင်ကို ကျပ်ဆယ်သိန်း အထိလှူဒါန်းနိုင်တာဖြစ်ပြီး မီးလုံးသုံးလုံးပါတဲ့ Triple arm မီးတိုင်တွေကိုတော့ စည်ပင်ဘဏ္ဍာငွေနဲ့ပဲ လုပ်ဆောင်မယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
2 years Ago
Up