လမ်းဖြတ်ကူးသည့်

February 23, 2018

လမ်းဖြတ်ကူးသည့် တောဆင်ရိုင်း ကားတိုက်ခံရ (ရုပ်သံ)

ထိုင်းနိုင်ငံမှ တောဆင်ရိုင်းတကောင်ဟာ လမ်းဖြတ်ကူးချိန်မှာ ပစ်ကပ်ကားတစီးနဲ့ တိုက်မိခဲ့ပြီး နောက်ခြေနှစ်ချောင်း ကျိုးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ခေါင်အန်ရူနိုင် သားရိုင်းတိရစ္ဆာန် ဘေးမဲ့တောတခုတွင်းမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ မန်နေဂျာအွန်လိုင်း သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဆင်ရိုင်းဟာ နောက်ခြေနှစ်ချောင်း ထော့ကျိုးထော့ကျိုး အနေအထားနဲ့ လမ်းကိုဖြတ်ကာ တောနက်ထဲ ဝင်သွားခဲ့တာကို တွေ့ရပါတယ်။ တာကီရက်ဖ်ခရိုင် ရဲတွေကတော့ တောဆင်ရိုင်းသုံးကောင်ဟာ ကားလမ်းမပေါ် ဖြတ်သန်းလာကြချိန်မှာ ခုလိုတိုက်မိခဲ့တာလို့ ပြောလိုက်ပါတယ်။ ဒီမတော်တဆမှုကြောင့် ကားက ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားခဲ့ပေမယ့် ယာဉ်မောင်းဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဂျာရက်စ် ဖရွန်မ်ဂျန်ကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ ဒါပေမယ့် ဘေးကပါလာတဲ့ အသက် ၆၅ နှစ်အရွယ် ခရီးသည် ဘန်ချာဆေဆိုင်ကတော့ ရင်ဘတ်ကို ထိခိုက်ခဲ့တဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခြေထောက်နှစ်ချောင်းကျိုးသွားခဲ့တဲ့ တောဆင်ရိုင်းရဲ့ တည်နေရာကို ရှာမတွေ့နိုင်သေးဘူးလို့  ဥယျာဉ်ဝန်ထမ်းတွေက ပြောပါတယ်။
3 years Ago

January 15, 2018

လမ်းဖြတ်ကူးသည့် ၅ နှစ်အရွယ်ကလေးငယ် ကားတိုက်မိ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ငါးနှစ်အရွယ်ကလေးငယ်တဦး  ဇန်နဝါရီ ၁၄ ရက်က လမ်းဖြတ်ကူးရာမှ ယာဉ်တိုက်မိတာကြောင့် သေဆုံးခဲ့တယ်လို့ နယ်မြေစခန်းမှူးက ပြောပါတယ်။ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၆/၃ အနီး ထော်နွတ်ကျေးရွာနားမှာ ရန်ကုန်ကနေ မန္တလေးကို ယာဉ်မောင်း နိုင်ထွန်းလင်း မောင်းနှင်လာတဲ့ PROBOX ကားဟာ လမ်းဖြတ်ကူးလာတဲ့ မအိသန္တာအောင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ယာဉ်တိုက်မှုကြောင့် လမ်းဖြတ်ကူးသူ မအိသန္တာအောင်မှာ ဝဲဘက်ဂျိုစောင်းဖူးရောင်၊ ဝမ်းဗိုက်နဲ့ ရင်ဘက်ပွန်းခြစ်ဒဏ်ရာ နားနှာခေါင်းတွေက သွေးထွက်ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ် နေရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ ပိန်းဇလုတ်မြို့နယ်မြေစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းက “ထော်နွတ်ကျေးရွာအနီးမှာ ဖြစ်တာပါ။ ကလေးကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ တရားခံကိုလည်း ဖမ်းဆီးထားပါတယ်။ ဒီနေ့ရမန်ယူမှာပါ” လို့ ပြောပါတယ်။ ပိန်းဇလုတ်နယ်မြေရဲစခန်းက လူသေစေလောက်သည်အထိ ယာဉ်မဆင်မခြင် မောင်းနှင်သူ နိုင်လင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
3 years Ago
Up