လမ်းလျှောက်ထောက်ကူ

July 17, 2015

ကျောရိုးနာ့ဗ်ကြော ထိခိုက်ထားသူများအတွက် လမ်းလျှောက်ထောက်ကူ အရိုးငြမ်းစက်ရုပ်

ထိုင်ဝမ်က ကျောရိုးနာ့ဗ်ကြော ထိခိုက်ထားသူတွေကို အမှီအခိုမပါဘဲ လမ်းလျှောက်နိုင်အောင် ရည်ရွယ်ထားတဲ့ ပြင်ပထောက်ကူ အရိုးငြမ်းစက်ရုပ်ကို သုတေသနပြုရာမှာ အလားအလာရှိတဲ့ စဦးပိုင်း ရလဒ်တွေ ပေါ်ထွက်လာခဲ့ပါပြီ။ ITRI သုတေသန အင်စတီကျုမှ ဒီစက်ရုပ်တီထွင်သူ ၀ူချမ်ဝှာကတော့ သူ ဒီဇိုင်းထုတ်ထားတဲ့ လမ်းလျှောက် ထောက်ကူ ပြင်ပအရိုးငြမ်းစက်ရုပ်ဟာ ကျောရိုးနာ့ဗ်ကြော ထိခိုက်ထားသူတွေကို ဖေးကူးမှာမို့ လှုပ်ရှားမှု အားကောင်းလာစေမယ့်အပြင် အမှီအခိုကင်းတဲ့ ဘ၀တွေကို ပိုင်ဆိုင်ခွင့်ရစေမယ်လို့ ဆိုပါတယ်။ “ခုဆိုရင် ကျနော်တို့ရဲ့သုတေသနမှာ ပါဝင် အစမ်းသပ်ခံကြတဲ့ လူနာတွေဟာ ရင်ရိုးဆစ် လေးဆစ်မြောက်လောက်ထိ နာ့ဗ်ကြော ထိခိုက်ထားသူတွေ ပါတယ်။ ဒီသုတေသန လုပ်ငန်းစဉ်ကနေ သိလာရတာက လေးဆစ်မြောက် ရင်ရိုးဆစ်အောက်ပိုင်းမှာ ထိခိုက်ထားတဲ့ လူနာတွေဆိုရင် စက်ရုပ်ရိုးငြမ်းရဲ့ အကူအညီနဲ့ မတ်တတ်ရပ်တာ၊ လမ်းလျှောက်တာ၊ ထိုင်တာတွေတောင် လုပ်လာနိုင်တာ တွေ့ရပါတယ်။” အရပ် ၁ ဒသမ ၅၅ မီတာနဲ့ ၁ ဒသမ ၈ မီတာကြား ကိုယ်အလေးချိန် ၄၅ နဲ့ ၁၀၀ ကီလိုဂရမ်ကြားရှိတဲ့ လူနာတွေအတွက် ပြင်ပထောက်ကူ အရိုးငြမ်းစက်ရုပ်ကို ချိန်ညှိပေးနိုင်ပါတယ်။ ဒီစက်ရုပ်ရဲ့ အားသာချက်တွေအနက် တခုကတော့ ပေါ့ပါးမှုပဲလို့ ၀ူ က ဆိုပါတယ်။ အလူမီနီယမ်အလွိုင်းနဲ့ ကာဗွန်ဖိုက်ဘာကို အဓိကထားပြီး တည်ဆောက်ထားတာမို့ ကီလို ၂၀ ပဲ အလေးချိန်ရှိပါတယ်။ စက်ရုပ်ရဲ့ခြေတွေကို မော်တာ လေးလုံးနဲ့ ပံ့ပိုးထားတာမို့ သာမန်အခြေအနေမျိုးမှာ သုံးနာရီကျော် မနားတမ်း အလုပ်လုပ်နိုင်ပါတယ်။ စက်ရုပ်ရဲ့ခြေထောက်ကို ကားထုတ်နိုင်စွမ်းကြောင့် လူနာတွေအဖို့ သူတို့ကိုယ်တိုင် အသုံးပြုဖို့ အဆင်ပြေ ချောမွေ့စေပါတယ်။ “ကျနော်တို့စက်ရုပ်ရဲ့ တည်ဆောက်ပုံ ဒီဇိုင်းကိုက ခြေထောက်ချဲပြီး ရပ်နိုင်အောင် လုပ်ထားတာပါ။ ဒါမှလည်း လူနာတွေအဖို့ ၀ှီးချဲကနေ စက်ရုပ်ခြေထောက်ဆီကို ရွှေ့ဖို့ အဆင်ပြေမှာလေ။ လှုပ်ရှားမှုမှန်သမျှ ကိုယ်တိုင်လုပ်နိုင်မယ်။ ဒီတော့ လူနာတွေအနေနဲ့ အနာဂတ်မှာ တပ်ဆင်တာ၊ ဖြုတ်တာတွေကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ဆောင်လာနိုင်မှာပါ။” လို့ ၀ူက ဆိုပါတယ်။ လူနာတွေရဲ့အရိုးတွင်း ဓာတ်ဆားသိပ်သည်းဆကိုကြည့်ရင် စက်ရုပ်ခြေထောက်တွေ တပ်ဆင်ပြီးတဲ့နောက် ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာကို သိနိုင်တယ်လို့ ဒီဇိုင်နာက ဆိုပါတယ်။ “လက်တွေ့ကုထုံးတွေအရ ရိုးတွင်းဓာတ်ဆား သိပ်သည်းဆကို စစ်ဆေးတဲ့အခါ တက်လာတာကို တွေ့ရပါတယ်။ ဒါက သူတို့ကျန်းမာရေးအတွက် အပေါင်းလက္ခဏာဆောင်တဲ့ ညွှန်းကိန်းတခုပဲ။” လို့ ၀ူက ဆိုပါတယ်။ ခုဆိုရင် စုစုပေါင်းလူနာ ၁၂ ဦးဟာ ၁၀၁၂ ကတည်းက ဒီသုတေသနမှာ ၀င်ရောက်အစမ်းသပ်ခံခဲ့တာပါ။ အာဏာပိုင်တွေဘက်က ရောင်းချခွင့်ပြုလိုက်တာနဲ့ ထိုင်ဝမ်မှာ ဒီစက်ရုပ်ကို ၂၀၁၈ အစောပိုင်းမှာ ဈေးကွက်ဖြန့်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။  
6 years Ago
Up