လမ်းဖောက်

April 27, 2019

တကိုယ်တော် ကိုယ့်အားကိုယ်ကိုး လမ်းဖောက်သူ ကင်ညာနိုင်ငံသား ချီးကျူးခံနေရ (ရုပ်သံ)

အစိုးရရဲ့ အစီအစဉ်ကို မစောင့်နိုင်တော့လို့ ကိုယ့်အားကိုယ်ကိုးကာ တကိုယ်တည်း လမ်းဖောက်ခဲ့တဲ့ ကင်ညာနိုင်ငံက အမျိုးသားတဦးဟာ သူရဲကောင်းတဦးအဖြစ် နိုင်ငံတကာ မီဒီယာတွေရဲ့ ချီးကျူးဂုဏ်ပြုခံနေရတယ်လို့ ဧပြီ ၂၆ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီအမျိုးသားဟာ အသက် ၄၅ နှစ်အရွယ် နီကိုလပ်စ်မူချာမီဖြစ်ပြီး သူဟာမြို့တော်နိုင်ရိုဘီနဲ့ ကီလိုမီတာ ၈၀ ကွာဝေးတဲ့ ကာဂန်ဒါလို့ခေါ်တဲ့ ကျေးရွာမှာနေထိုင်ပါတယ်။ မူချာမီအပါအဝင် ကာဂန်ဒါရွာသားတွေဟာ သူတို့ရဲ့အနီးဆုံးမှာရှိတဲ့ ရှော့ပင်းစင်တာ တခုကို သွားဖို့ နေ့စဉ် ၄ ကီလိုမီတာ ရှည်လျားတဲ့လမ်းကို ဖြတ်သွားရပြီး ဒီလမ်းထပ်ပိုတိုတဲ့ လမ်းတခုကို ဖောက်ပေးဖို့ အစိုးရကို အကြိမ်ကြိမ်အခါခါ တောင်းဆိုခဲ့ပေမယ့်လည်း အာဏာပိုင်တွေက ဒီလမ်းစီမံကိန်းကို လျစ်လျူရှုခဲ့ပါတယ်။ သူတို့ရွာနားမှာ နောက်ထပ်လမ်းကြောင်းတခု ရှိနေပေမယ့်လည်း ဒီလမ်းကြောင်းဟာ တခြားလူတွေပိုင်တဲ့ လယ်ယာတွေကို ဖြတ်သွားရတာကြောင့် ကာဂန်ဒါရွာသားတွေမှာ ၄ ကီလိုမီတာ ရှည်တဲ့လမ်းအပြင် တခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဒီအခြေအနေမှာ မူချာမီက ကိုယ်အားကိုယ်ကိုးကာ လမ်းဖောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရှည်လျားတဲ့ ခြုံပုတ်အထပ်ထပ်ကို သာမာန်စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ စတင်ရှင်းလင်းခဲ့ပါတယ်။ နေ့ဘက်မှာ ကြုံရာအလုပ်ကိုလုပ်ကာ ညဘက်မှာ ညစောင့်အဖြစ် အသက်မွေးတဲ့ မူချာမီဟာ ဒီလမ်းဖောက်ဖို့ကို သူ့သဘောနဲ့ သူဆုံးဖြတ်ခဲ့တာဖြစ်ပြီး ခြောက်ရက် ဆက်တိုက် နေ့စဉ်မနက်  ၇ နာရီကနေ ညနေ ၅ နာရီအထိ ဆောင်ရွက်မှုကြောင့် အခုဆိုရင် ချုံထူနေတဲ့ တောရဲ့ လမ်းဧရိယာ ၁ ဒသမ ၅ ကီလိုမီတာကို ဖောက်လုပ် ပီးစီးခဲ့ပြီလို့ သိရပါတယ်။ လမ်းတခုလုံး မပြီးစီးသေးပေမယ့် အခုချိန်မှာဆိုရင် မူချာမီဖောက်ထားတဲ့လမ်းဟာ ကားတစီးကောင်းကောင်း သွားလာနိုင်နေပြီဖြစ်ပြီး  ကလေးတွေဟာဆိုရင်လည်း ကျောင်းသွားကျောင်းပြန် ခရီးကို ဒီလမ်းကနေ သွားရောက်နိုင်နေပြီ ဖြစ်ပါတယ်။ မူချာမီဟာ ဒီလမ်းကိုဖောက်ဖို့ တနေကုန်လုံးဝအနားမယူဘဲ ဆောင်ရွက်ခဲ့တာဖြစ်ပြီး သူ့ရဲ့သူရဲကောင်း စိတ်ဓာတ်ကြောင့် လက်ရှိအချိန်မှာဆိုရင် သူဟာ ဒေသတွင်းတင်မဟုတ်ဘဲ နိုင်ငံတကာ မီဒီယာတွေရဲ့ ချီးကျူးဂုဏ်ပြုမူကို ရရှိနေပြီပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ နောက်ထပ်စိတ်ဝင်စားစရာ ကောင်းတာတခုက မူချာမီကသာ ခြောက်ရက်ဆက်တိုက် လမ်းဖောက်နေပေမယ့် သူ့ကို တခြားရွာသား တဦးတလေကမှ ကူညီပေးဖို့ ပြောဆိုခဲ့တာခြင်း မရှိတာပါပဲ။ အကြောင်းကတော့ သူတို့အားလုံးဟာ ပိုက်ဆံမရတဲ့အလုပ်ကို လုပ်ကိုင်ချင်စိတ် မရှိတာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ပဲမူချာမီရဲ့ သူရဲကောင်းစိတ်ဓာတ်ဟာ ပိုပြီး အာရုံစိုက်စရာ ဖြစ်လာခဲ့တာလို့ BBC သတင်းမှာဖော်ပြပါတယ်။ “ကျနော်ဒီအလုပ်ကို အမျိုးသမီးတွေ၊ ကလေးတွေအတွက် ရည်ရွယ်ပြီး လုပ်နေတာပါ။ ကျနော့် ရွားသားတွေကတော့ ကျနော့်ဆီလာပါတယ်။ ပြီးရင် သူတို့အကုန်လုံး တခွန်းပဲမေးလေ့ရှိပါတယ်။ အဲဒါကတော့ ဒီအလုပ်လုပ်ရင် ပိုက်ဆံဘယ်လောက်ရမလဲ ဆိုတာပါပဲ” လို့လည်း မူချာမီက ပြောပါတယ်။
2 years Ago
Up