လမ်းပျောက်ကျောင်းသူလေးကို အိမ်ပြန်ပို့ပေးခဲ့သည့် ယာဉ်မောင်းအား ဝိုင်းဝန်းချီးကျူး

August 8, 2017

လမ်းပျောက်ကျောင်းသူလေးကို အိမ်ပြန်ပို့ပေးခဲ့သည့် ယာဉ်မောင်းအား ဝိုင်းဝန်းချီးကျူး

ထိုင်းနိုင်ငံမှာ လမ်းပျောက်နေတဲ့ ကျောင်းသူလေးကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးခဲ့တဲ့ ယာဉ်မောင်းအမျိုးသားတဦးကို အင်တာနက်စာမျက်နှာတွေပေါ်မှာ ချီးကျူးနေကြပါတယ်။ “ကြင်နာတတ်တဲ့ ဦးလေးဘင်”လို့ သူ့ကို ခေါ်နေကြကာ သူ့ရဲ့လုပ်ရပ်အတွက် အားလုံးက ဝိုင်းပြီး ချီးကျူးနေခဲ့ကြတာ ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ သြဂုတ် ၅ ရက်နေ့က အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး ယာဒါ ဆင်ခါ ရက်တ်ဟာ ကျောင်းကနေ အိမ်ကို သူ့ဟာသူပြန်ဖို့ မိခင်ကို ခွင့်တောင်းခဲ့တာပါ။ မိခင်ဖြစ်တဲ့ အန်း ပန်နာထရွန်ဟာ များသောအားဖြင့်တော့ သမီးကို ကိုယ်တိုင် လာကြိုလေ့ရှိပေမယ့် အဲဒီနေ့ကတော့ ပထမဆုံး ခွင့်တောင်းတဲ့ သမီးဖြစ်သူကို သူ့ဘာသာသူ အိမ်ပြန်လာဖို့ ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မိန်းကလေးဟာ ယာဉ်မောင်း လန်ဘင် မောင်းနှင်တဲ့ လေးဘီးမီနီဘတ်စ်ကားကို စီးလာခဲ့တာဖြစ်ပြီး လမ်းကြောင်းမှားကာ ၁၀ ကီလိုမီတာအကွာလောက်ထိ ခရီးရောက်သွားခဲ့တာပါ။ အဲဒီအချိန်မှာ မိန်းကလေးက မိခင်ဖြစ်သူကို ဖုန်းဆက်သွယ်ခဲ့ပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေခဲ့ချိန်မှာ လန်ဘင်က ဝင်ရောက်ကူညီပေးဖို့ ကြိုးစားခဲ့တာပါ။ မိခင်ဖြစ်သူက ဘင်နဲ့ ဖုန်းအဆက်အသွယ်ရချိန်မှာ သမီးဖြစ်သူကို အနီးနား ရဲစခန်းတခုခုဆီ ပို့ပေးဖို့နဲ့ သူလာခေါ်မယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့် ဘင်က စိတ်မချနိုင်ဘဲ အိမ်တိုင်ရာရောက် ပြန်လိုက်ပို့ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ “တကယ်လို့ အဲလိုလုပ်ဖို့ ခွင့်ပြုပေးလိုက်ရရင်၊ ကျနော်လိုက်မပို့ပေးခဲ့ရရင် စိတ်ချလက်ချ အိပ်ပျော်မှာမဟုတ်ဘူး” လို့ ဘင်က ဆိုပါတယ်။ နောက်ဆုံးမှာတော့ ဘင်ဟာ မိန်းကလေးကို အိမ်မှာ စိတ်ပူပန်စွာ စောင့်နေတဲ့ မိခင်ဖြစ်သူဆီ အရောက်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို မိန်းကလေးရဲ့ မိခင်ဖြစ်သူက အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ လူသားဆန်ပြီး ကူညီတတ်တဲ့ ဦးလေးဘင်အဖြစ် လူတွေက ချီးကျူးအားပေးနေခဲ့ကြတာ ဖြစ်ပါတယ်။
4 years Ago
Up