လမ်းမပေါ် ဇနီးမယားအား ရိုက်နှက်သည့် အမျိုးသားရုပ်သံဖိုင် ဝေဖန်မှုမြင့်တက်

A d v e r t i s e m e n t With Us

April 25, 2016

လမ်းမပေါ် ဇနီးမယားအား ရိုက်နှက်သည့် အမျိုးသားရုပ်သံဖိုင် ဝေဖန်မှုမြင့်တက် (ရုပ်သံ)

တရုတ်နိုင်ငံ၊ စီချွမ်းခရိုင်၊ ချန်ဒူးမြို့ လမ်းမတခုပေါ်မှာ အမျိုးသားတဦးဟာ ဇနီးမယားကို ရိုက်နှက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ဇနီးဖြစ်သူကို ရိုက်နှက်ခဲ့ချိန်မှာ သူတို့ရဲ့ကလေးက ဘေးမှာ ရပ်နေခဲ့တာပါ။ အနီးနားက လမ်းသွားလမ်းလာတွေက ဟန့်တားခဲ့ကြပေမယ့် အဆိုပါအမျိုးသားက ရပ်တန့်ခြင်းမရှိဘဲ ထိုးနှက်ကန်ကျောက် ရိုက်နှက်ခဲ့တာပါ။ ဒီအဖြစ်အပျက် အစအဆုံးကို အနီးနား မျက်မြင်တွေ့ရှိသူတဦးက ရိုက်ကူးခဲ့ပြီး အွန်လိုင်းပေါ် တင်ခဲ့ချိန်မှာတော့ တရုတ်လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ဝေဖန်မှုတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ခုလိုရိုက်နှက်မှုရဲ့ နောက်ကွယ်မှာ အကြောင်းတစုံတရာ ရှိရမယ်လို့ ယူဆရပေမယ့် ဟန့်တားခဲ့ကြတဲ့ အနီးနားက လူတွေကိုတော့ ချီးကျူးသင့်တယ်လို့ အင်တာနက် အသုံးပြုသူတချို့က ပြောပါတယ်။ တချို့ကတော့ ခုလို ကလေးငယ်ရှေ့မှာ ရိုက်နှက်လိုက်တာဟာ ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပေါ် အကျိုးသက်ရောက်စေလိမ့်မယ်လို့ ဝေဖန်ပြောဆိုပါတယ်။ တချို့ကလည်း ခုလိုရိုက်နှက်တဲ့ အမျိုးသားကို မိသားစု ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်ချသင့်တယ်လို့ ပြောနေကြတာပါ။ တရုတ်အမျိုးသမီးထုဆိုင်ရာ ဖက်ဒရေးရှင်း (အေစီဒဗလျူအက်ဖ်) ရဲ့ ထုတ်ပြန်ချက်အရ တရုတ်အမျိုးသမီးတွေရဲ့ ၂၅ ရာခိုင်နှုန်း နီးပါးဟာ လက်ထပ်ပြီးနောက် အကြမ်းဖက်မှု ခံနေကြရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ဥပဒေဟာ မတ်လ ၁ ရက်နေ့ကမှ ပထမဆုံး အသက်ဝင်လာခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ခုလို လမ်းမပေါ်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကတော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ဖို့ အရေးကြီးတဲ့ အဆင့်တဆင့် ဖြစ်တယ်ဆိုတာကို ပြသနေတာပါ။
5 years Ago
Up