လမ်းမပေါ်မှ တွင်းနက်ကြီးထဲ ဘိလပ်မြေတင်ကားတစီး ထိုးကျ

December 6, 2016

လမ်းမပေါ်မှ တွင်းနက်ကြီးထဲ ကား ၂ စီးထိုးကျ၊ ရဲမေတဦး ရေနစ်သေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ဒီဇင်ဘာ ၄ ရက်နေ့က လမ်းမကြီးတခုပေါ်ရှိ တွင်းနက်ကြီးထဲကို ကား ၂ စီး ထိုးကျခဲ့ပြီး အချိန်ပိုင်း လက်ထောက်ရဲမေတဦး ရေနစ်သေဆုံးခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ တက္ကဆက်စ်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး နောက်ကားတစီးပေါ်မှ အသက် ၆၀ အရွယ် အမျိုးသားတဦးကတော့ လွတ်မြောက်သွားခဲ့ကာ ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။ အဲဒီနေ့ညပိုင်းမှာ ကား ၂ စီးလုံးဟာ အနက် ၁၂ ပေလောက်ရှိမယ့် ရေထဲကို ထိုးကျသွားခဲ့တာဖြစ်ပြီး ဒီတွင်းနက်ကြီးဟာ ရေဆိုးမိလ္လာပိုက်လိုင်း ပွင့်ထွက်ရာကနေ ဖြစ်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။ ဘက်ဇ်ဆာစီရင်စုနယ်မြေမှ ပြောရေးဆိုခွင့်ရသူ ဂျိမ်းစ်ကိသ်က “လက်ထောက်ရဲမေ ဒိုရာလင်ဒါ နီရှိဟာရာ သေဆုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူ့ရဲ့ကားဟာ တွင်းထဲကို ပြုတ်ကျသွားခဲ့ရာကနေ ရေနစ်သေဆုံးသွားခဲ့တာပါ” လို့ ပြောပါတယ်။ အဲဒီနေ့ ညပိုင်း ၇ နာရီခွဲလောက်မှာ အခင်းဖြစ်တဲ့နေရာကို မီးသတ် ကယ်ဆယ်ရေးသမားတွေ လာရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပေမယ့် အခြေအနေဟာ ထင်သလောက် မလွယ်ကူခဲ့ဘူးလို့ ဆိုပါတယ်။ တွင်းဘေးနံရံတွေဟာလည်း မတည်ငြိမ်ဘဲ ပြိုကျနိုင်ဖွယ်ရှိတာမို့ ကား ၂ စီးလုံးကို တွင်းထဲက ထုတ်ယူဖို့ ခက်ခဲနေခဲ့တာပါ။ အဲဒီဒေသမှာ မိုးပိုရွာလာနိုင်ဖွယ် သတိပေးမှုနဲ့ အနီးက ရထားလမ်းရှိနေတဲ့အတွက် တုန်ခါမှုကြောင့် မြေပြင်အခြေအနေဟာ အန္တရာယ်ပိုများခဲ့ရတယ်လို့ မီးသတ်ဦးစီးမှူး ဘရိုင်ယန်အိုနေးလ်က ပြောပါတယ်။
5 years Ago

May 31, 2016

လမ်းမပေါ်မှ တွင်းနက်ကြီးထဲ ဘိလပ်မြေတင်ကားတစီး ထိုးကျ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်၊ ကျန်တိုင်းမြို့ လမ်းမပေါ်မှာ မေလ ၃၀ ရက်နေ့က တွင်းနက်ကြီးတခု ရုတ်တရက်ဖြစ်ပေါ်လာပြီး ဘိလပ်မြေတင်ကားတစီး ထိုးကျခဲ့ပါတယ်။ စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကုန်တင်ကားကြီးဟာ အဆိုပါတွင်းကြီးထဲ ထိုးကျသွားခဲ့တာကို တွေ့ရပါတယ်။ ယာဉ်မောင်းသူကတော့ ဒဏ်ရာအနည်းငယ်သာ ရရှိပြီး အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်း တာဝန်ကျ ရဲတွေဟာ ယာဉ်ကို ကယ်တင်နိုင်ဖို့ လာရောက်ခဲ့ကြပြီး လမ်းကို အခိုင်အမာ ပြန်လည်ပြုပြင်နိုင်ဖို့ စီစဉ်နေကြတယ်လို့ ဆိုပါတယ်။
6 years Ago
Up