လမ်းတံတား

July 26, 2018

မကွေးတိုင်းတွင် ကျပ်သန်း ၈၀၀၀၀ ကျော် ကုန်ကျခံပြီး လမ်းတံတားများ တည်ဆောက်ပြုပြင်

မကွေးတိုင်းဒေသကြီးအတွင်းမှာ အခုနှစ်အတွင်း ကျပ်ငွေ သန်းပေါင်း ၈၀၀၀၀ ကျော် ကုန်ကျခံပြီး လမ်းတံတားတွေ တည်ဆောက်ပြုပြင်နိုင်ခဲ့တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။ မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက “ဒုတိယ တနှစ်တာဖြစ်တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး ဘတ်ဂျက်တွေနဲ့ မကွေးမြို့တွင်းမှာ သစ္စာလမ်းနဲ့ တောင်တွင်းလမ်းတွေကို လမ်းတာချဲ့ခြင်း၊ လမ်းမျာနှာပြင် ဖြေညှိခြင်း၊ ကတ္တရာ ကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်း၊ ကွန်ကရစ် ရေပြွန်တံတား တည်ဆောက်ခြင်း၊ ကျောက်လမ်းခင်းခြင်း၊ မြို့ပြလမ်းတွေ ဖောက်လုပ်တာတွေကို ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သန်း ၇၀၀၅၂ ဒသမ ၉၃၄ ကျပ်နဲ့ စုစုပေါင်း ၄၄၃ မိုင် ၁ ဖာလုံကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၃၈၆၅ ဒသမ ၀၉၅၇ ကျပ်နဲ့ တံတား ၂၉ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ မကွေးမြို့ခံတဦးဖြစ်တဲ့ ဦအောင်သိန်းက “ကျနော်တို့မြို့မှာ တခါမှ မမြင်ဖူးတဲ့ လမ်းမျိုးတွေ အခု မြင်တွေ့နေရပါပြီ။ မှန်တောင် ကြည့်လို့ရတယ်။ ခုလို ခင်းလိုက်တော့ လူနေမှုစနစ် မြင့်တက်တဲ့အပြင် အိမ်ခြံမြေ ဈေးကွက်ကိုလည်း အများကြီး အထောက်အပံ့ ဖြစ်စေတယ်။ နဂိုက လူသွားလူလာ နည်းပါးပြီး ခြောက်ကပ်နေတဲ့ လမ်းတွေတောင်မှ ဈေးရောင်း ဈေးဝယ်လေးတွေနဲ့ စည်ကားသိုက်မြိုက်နေပါပြီ” လို့ ပြောပါတယ်။ အရင်နှစ်ကလည်း အဓိက အချက်အချာကျတဲ့ ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာလမ်း၊ ဆေးရုံလမ်း၊ အ.ထ.က (၁) လမ်း၊ မဲထီးလမ်း၊ မြို့မဈေးရှေ့လမ်းတို့ကို လမ်းအကျယ်ချဲ့ခြင်း၊ AC (ကတ္တရာ ကွန်ကရစ်)ခင်းခြင်း၊ ထပ်ပိုးလွှာခင်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မင်းထီး
3 years Ago

July 6, 2018

မြိတ်တွင် ကျပ်ငွေ ၂ ဒသမ ၇ ဘီလီယံဖြင့် လမ်းတံတားများ တည်ဆောက်မည်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း ကျပ်ငွေ ၂ ဒသမ ၇ ဘီလီယံ အသုံးပြုပြီး လမ်း၊ တံတားတွေ ဆောင်ရွက်မယ်လို့ ဇူလိုင် ၆ ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒေသခံတွေကို  ရှင်းလင်းပြောကြားပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးသူရက “ပွင့်လင်းမြင်သာလာတဲ့ခေတ်မှာ ကျနော်တို့ဌာနကလည်း ဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့်အပိုင်းကို ရပ်ကွက်နေ ပြည်သူတွေကို ပွင့်လင်းစွာ ရှင်းပြတာပါ။ ဘတ်ဂျက်တိုကာလ (ဧပြီလမှ စက်တင်ဘာလ) အတွက် ကျပ် ၂ ဒသမ ၇ ဘီလီယံ ရရှိပါတယ်။ လမ်း၊ တံတားတွေ ဆောင်ရွက်မယ့်အပိုင်းတွေကို ပြည်သူများသိရှိစေဖို့ ဒီပွဲလေး လုပ်ရခြင်း ဖြစ်ပါတယ်။ ဒီဘတ်ဂျက်အတွင်းမှာ ကျောက်လမ်း ၇ လမ်း၊ ကွန်ကရစ်လမ်း ၄ လမ်းနဲ့ တံတားတိုအစင်း ၂ဝ ကို လုပ်ဆောင်မှာပါ” လို့ ပြောပါတယ်။ ခုလို ပြည်သူတွေကို ရှင်းလင်းတင်ပြရာမှာ ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးမှူးတွေသာ  တက်ရောက်လာခဲ့တဲ့အတွက် ပြည်သူတွေ ပိုမိုပါဝင်လာဖို့ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက အကြံပေး ဆွေးနွေးခဲ့ပါတယ်။ ရှင်းလင်းပွဲကို တက်ရောက်လာသူတွေဟာ အုပ်ချုပ်ရေးမှူးတွေသာ ဖြစ်နေတဲ့အတွက် နောင်ပြုလုပ်မယ့် ဘယ်လိုဌာနဆိုင်ရာ ပွဲတွေကိုမဆို ဒေသခံတွေ ပိုမိုပါဝင်လာစေဖို့ အုပ်ချုပ်ရေးမှူးတွေက ဆောင်ရွက်ပေးဖို့လည်း လွှတ်တော်အမတ်က တိုက်တွန်းလိုက်ပါတယ်။ သတင်း၊ ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)
3 years Ago
Up