လမ့်တေး

January 18, 2021

လမ့်တေးကို ဘရိုက်တန်အသင်း ကာလရှည်စာချုပ် ချုပ်ဆို

အာဆင်နယ်၊ အက်သလက်တီကို၊ ဘိုင်ယန်မြူးနစ် စတဲ့အသင်းတွေနဲ့ မကြာသေးခင်က သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ တာရစ်လမ့်တေးဟာ ဘရိုက်တန်အသင်းနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုကာ အပြောင်းအရွှေ့ ကောလာဟလတွေကို အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းရဲ့ ညာနောက်ခံလူဟောင်း လမ့်တေးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အထူးခြေစွမ်းပြနေသူဖြစ်ပြီး သူ့ရဲ့ခြေစွမ်းကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာတောင် ရွေးချယ်ခံရနိုင်တယ်လို့ သတင်းကြီးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပထိပ်သီးကလပ်အသင်းတချို့က သူ့ကို သဘောကျခဲ့တာဖြစ်ပြီး ကစားသမားကတော့ ဘရိုက်တန်အသင်းမှာ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ “အသင်းမှာ လမ့်တေး ကာလရှည်ဆက်ရှိနေမယ့်အတွက် ဝမ်းသာမိပါတယ်” လို့ ဘရိုက်တန်အသင်း နည်းပြ ဂရေဟမ်ပေါ်တာက အသင်းရဲ့ဝက်ဘ်ဆိုဒ်ကို ပြောပါတယ်။ “သူ့ကို ခေါ်ယူချိန်ကတည်းက အရည်အချင်းကို သတိပြုမိခဲ့တာပါ။ ဒါကြောင့် အသင်းအတွက် အပြုသဘောဆောင်တဲ့ ရလဒ်တွေ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ သူဟာ အလုပ်ကြိုးစားသူ၊ နှိမ့်ချတတ်သူနဲ့ အသင်းစိတ်ဓာတ်ရှိသူပါ။ သူဟာ ကျနော်တို့ လိုချင်တဲ့ ပုံစံတိုင်းနဲ့ သင့်တော်သူ ဖြစ်တာကြောင့် အခုချိန်မှာ သူ့ရဲ့အလားအလာကို ပျိုးထောင်ပေးဖို့ အချိန်ပါပဲ” လို့လည်း ပေါ်တာက ဆက်လက်ပြောဆိုခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ညာခြမ်းခံစစ်အတွက် ရိစ်ဂျိမ်းကို ပိုင်ဆိုင်ထားပေမယ့် လမ့်တေးလို ကစားသမားမျိုးကို လက်လွှတ်လိုက်ရတာဟာ အသင်းအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ။  ဘရိုက်တန်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ကစားသမားရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီအပြောင်းအရွှေ့မှာ လမ့်တေးကို ပေါင် ၃ သန်းတည်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လမ့်တေးဟာ စာချုပ်အသစ်အတွက်အပြည့်အဝထိုက်တန်မှုရှိသူ ဖြစ်ပြီး သူ့ရဲ့ကြိုးစားမှုနဲ့ စွမ်းဆောင်ရည်တွေကြောင့်အခုလိုမျိုး ချီးမြှင့်ခံရတာဖြစ်တယ်လို့လဲ ဘရိုက်တန်အသင်းရဲ့ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့က ပြောပါတယ်။ စနေနေ့ပွဲစဉ်မှာ ဘရိုက်တန်အသင်းဟာ လိဒ်ကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီး လမ့်တေးကတော့ ဒီပွဲ ကိုတံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ သူဟာ ဒီဒဏ်ရာကို ဒီဇင်ဘာလအလယ်ပိုင်းကတည်းက ရရှိထားတာပါ။ 
9 months Ago
Up