လန်ဒန်မြို့ကိုသာ ပြောင်းလို

February 10, 2020

အေဂျက်ဇ် ဂိုးသမား မန်ချက်စတာထက် လန်ဒန်မြို့ကိုသာပြောင်းလို

ဂိုးသမား အန်ဒရေအိုနာနာဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အေဂျက်ဇ်အသင်းကနေ ပြောင်းရွှေ့လိုနေပြီး ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဟာ ကစားသမားရဲ့ နံပါတ်တစ် ရွေးချယ်မှု ဖြစ်လာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  အိုနာနာဟာ အေဂျက်ဇ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ အထူးလက်စွမ်းပြခဲ့သူ ဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့နွေရာသီတုန်းက မန်ချက်စတာယူနိုက်တက်အသင်းက ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။  ဂိုးသမားဟာ အေဂျက်ဇ်အသင်းကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားလိုနေတယ်လို့ Daily Mail သတင်းမှာ ဖော်ပြချက်ထားပါတယ်။  ဒါပေမဲ့ ဂိုးသမားရဲ့ ပထမဦးစားပေးအသင်းဟာ ချဲလ်ဆီးအသင်း ဖြစ်နေပြီး စပါးအသင်းဟာလည်း သူ နှစ်သက်တဲ့အသင်းထဲမှာ ပါဝင်နေပေမယ့် ချဲလ်ဆီးအသင်းကိုသာ ပြောင်းရွှေ့လိုနေတာပါ။ ဘာစီလိုနာအသင်းဟာလည်း သူတို့ ကစားသမားဟောင်းကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် အိုနာနာဟာ ဘာစီလိုနာအသင်းကနေ အေဂျက်ဇ် လူငယ်အသင်းကို ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် သူဟာ အေဂျက်ဇ်အသင်းကြီးက ခေါ်ယူတာခံခဲ့ရပြီး နယ်သာလန် ကလပ်အတွက် ပွဲ ၂၀၀ လောက် လက်စွမ်းပြခွင့်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။  အေဂျက်ဇ်အသင်းက သူတို့ ဂိုးသမားအတွက် ပေါင်သန်း ၅၀ လောက် တောင်းဆိုလာဖို့ ရှိနေပြီးတော့ သူဟာ အသက် ၃၄ နှစ်ပြည့်တော့မယ့် ဟူဂိုလောရစ် နေရာကို အစားဝင်နိုင်တဲ့ ကစားသမားတဦးအဖြစ်လည်း သုံးသပ်ခံထားရပါတယ်။ ဒါ့အပြင် ဒီဂိုးသမားဟာ ချဲလ်ဆီးအသင်းအတွက် အနာဂတ် မရေမရာဖြစ်နေတဲ့ ဂိုးသမား ကယ်ပါနေရာကိုလည်း အစား ဝင်ရောက်လာနိုင်ပါတယ်။  ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ဘန်လေဂိုးသမား နစ်ပုတ်ကို အဓိကထား  ချိတ်ဆက်နေပြီး တဖက်မှာလည်း စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကယ်ပါရဲ့ ဈေးနှုန်းအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။ ချဲလ်ဆီးလ်နည်းပြ လမ်းပတ်ဟာ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူထားတဲ့ ကယ်ပါကို ပြန်လည်ရောင်းချပြီး သူ့နေရာကို အစားထိုးဖို့ ဘန်လေဂိုးသမား နစ်ပုတ်၊ လိုင်လီ ဂိုးသမား မိုက်မစ်နန်နဲ့ ခရစ္စတယ်ပဲလေ့စ် ဂိုးသမား ဗင်းဆင့်တီဂိုင်တာတို့ကို စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ အေဂျက်ဇ်ဂိုးသမားရဲ့အခြေအနေကြောင့် သူတို့ဟာ အိုနာနာဘက်ကိုလည်း လှည့်လာဖွယ် ရှိနေပါတယ်။ ကစားသမားဘက်က ပရီးမီးယားလိဂ်အသင်း တသင်းသင်းကို ပြောင်းရွှေ့လိုပေမယ့် အေဂျက်ဇ်အသင်းကတော့ သူ့ကို ဘာစီလိုနာအသင်းကိုပဲ ပြန်လည်ရောင်းချလိုနေပြီး အသင်း နှစ်သင်းကြားမှာရှိတဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားလိုနေပါတယ်။
1 year Ago
Up