လန်ဘော်ဂီနီ

August 31, 2018

သစ်သားဖြင့်ပြုလုပ်သည့် ဇိမ်ခံ လန်ဘော်ဂီနီကား ပုံစံငယ် အွန်လိုင်းပေါ် နာမည်ကြီးနေ

ကမ္ဘာကျော် တန်ဖိုးကြီး ဇိမ်ခံကားအမျိုးအစားဖြစ်တဲ့ လန်ဘော်ဂီနီ (Lambor- ghini) ကား ပုံစံတူ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ကားငယ်ဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတယ်လို့ FeedyTV သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီကားကို အဘိုးအိုတဦးက မောင်းနှင်လာခဲ့တဲ့ စက္ကန့် ၃၀ စာ ရုပ်သံဗွီဒီယိုဖိုင်ကို ခူအက်ဒီယန်အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတဦးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကတဆင့် မျှဝေခဲ့ချိန်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့တာပါ။ ဒါဟာ ဗီယက်နမ်နိုင်ငံမှာ ဖြစ်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုသူ သန်းနဲ့ချီ ရှိနေခဲ့တာပါ။ ကားငယ်ရဲ့ ကိုယ်ထည်တခုလုံးကို သစ်သားနဲ့ ပြုလုပ်ထားတာမို့ အများစုကတော့ ဒီကားဟာ အန္တရာယ်ရှိနိုင်ပြီး ယာဉ်ကြောပိတ်ဆို့ချိန်မှာလည်း လုံခြုံစိတ်ချရမှု မရှိနိုင်ဘူးလို့ ပြောနေကြပါတယ်။ ဒီကားကို လီငုယင်ခန်း အမည်ရတဲ့ ဗီယက်နမ် လက်သမားဆရာတဦးက တီထွင်ခဲ့တာဖြစ်ပြီး ဒီပရောဂျက်ကို သူ့ရဲ့ဝန်ထမ်းတွေနဲ့ ၂၀၁၁ ခုနှစ်၊ ဧပြီလတည်းက စတင်ခဲ့တာလို့ ဆိုပါတယ်။ အင်ဂျင်တွေ၊ ဂီယာဘောက်စ်တွေနဲ့အတူ ဇိမ်ခံကားတစီးအသွင် ပြုလုပ်ထားတဲ့ ဒီကားရဲ့ ဘီးတွေကိုတော့ BMW ကနေ တင်သွင်းပြီး ကျန်တဲ့ အစိတ်အပိုင်းတွေ အားလုံးကို သစ်သားနဲ့ ပြုလုပ်ထားကာ ကားရဲ့ အလေးချိန်ကတော့ ၁၄၂၀ ကီလိုဂရမ်ရှိတယ်လို့ ဆိုပါတယ်။
3 years Ago
Up