လန်ဒန် တိုက်ခိုက်မှု

March 23, 2017

လန်ဒန် တိုက်ခိုက်မှု သံသယရှိသူ ၇ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

လန်ဒန်မြို့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က မတ်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနအကြီးအကဲ မာ့က်ရိုလီက “မနေ့က Westminster မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ပထမဆုံးအနေနဲ့ သေဆုံးထိခိုက်မှုစာရင်း အတိအကျကို အတည်ပြုပေးလိုပါတယ်။ လူထုနဲ့ ဆေးရုံ ၅ ခုကနေ ရရှိတဲ့စာရင်းတွေအရ သေဆုံးသူ ၄ ဦး ရှိပါတယ်။ ဒဏ်ရာရသူ ၂၉ ဦး ဆေးရုံတင်ထားရပြီး သူတို့အထဲက ၇ ဦးရဲ့ အခြေအနေဟာ စိုးရိမ်ရပါတယ်။ သေဆုံးသူ ၄ ဦးထဲမှာ လွှတ်တော်ကို အစောင့်အရှောက်ယူနေတဲ့ ရဲအရာရှိ ကိသ်ပမ်လ်မာ၊ အရပ်သား ၂ ဦးနဲ့ အကြမ်းဖက်သမား တို့ဖြစ်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။ ဒီနောက်ဆက်ပြီး “ဘာကြောင့်အကြမ်းဖက်သမား ဒီလိုလုပ်ခဲ့သလဲ၊ သူဘယ်လိုပြင်ဆင်ခဲ့သလဲ၊ သူနဲ့ချိတ်ဆက်နေတာ ဘယ်သူတွေလဲဆိုတာတွေကို ကျနော်တို့ ဆက်လက်စုံစမ်းနေပါတယ်။ အခုအချိန်ဟာ သိပ်ကိုအရေးကြီးပြီး အတိမ်းအစောင်းမခံတဲ့ အချိန်ဖြစ်တာမို့ အသေပစ်ခတ်ဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်သမားရဲ့ အမည်နာမကို ထုတ်မပြောနိုင်သေးပါဘူး” လို့ ပြောပြသွားပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနအကြီးအကဲ မာ့က်ရိုလီက “ဒီကနေ့ လူတွေ လမ်းပေါ်ပြန်ပြီး သွားလာနေကြပါပြီ။ ပြည်သူလူထုအတွက် လုံခြုံရေးအစောင့်အရှောက်တွေ ပိုချထားတာကို ခင်ဗျားတို့ မြင်ကြရမှာပါ။ ရဲတပ်ဖွဲ့၊ ဗြိတိန်နဲ့ လန်ဒန်မြို့ ပို့ဆောင်ရေးလုပ်ငန်းတို့ လက်တွဲဆောင်ရွက်နေတာကို မြင်ကြရမှာပါ။ လန်ဒန်မြို့ကပြည်သူတွေ ပှံမှန်အတိုင်း ပြန်သွားလာနိုင်ဖို့အတွက် ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေ ခွင့်ယူထားတာတွေကို ချက်ချင်းရုပ်သိမ်းပြီး တာဝန်ထမ်းနေကြပါတယ်။ ကျနော်တို့မြို့မှာ အကြမ်းဖက်မှုအမြစ်တွယ်ပြီး လူတွေကြောက်ရွံ့နေတာကို ခွင့်မပြုနိုင်ပါဘူး။ ရဲတပ်ဖွဲ့ဟာ မြို့ပြအဖွဲ့ အစည်းအားလုံးနဲ့အတူ၊ စကော့တလန်ရဲတပ်ဖွဲ့နဲ့အတူ ရပ်တည်ပြီး၊ သစ္စာရှိတဲ့ခေါင်းဆောင်တွေ အတူလက်တွဲပြီး အရေးပေါ်အစည်းအဝေးထိုင်ပါလိမ့်မယ်”လို့ နိုင်ငံတကာ သတင်းထောက်တွေကို ရှင်းပြသွားပါတယ်။
5 years Ago
Up