လန်ဒန်မြို့လယ် ဘတ်စ်ကားကြီး မီးလောင်၊ ခရီးသည်များ ကစဥ့်ကလျား ထွက်ပြေး (ရုပ်သံ)

August 14, 2017

လန်ဒန်မြို့လယ် ဘတ်စ်ကားကြီး မီးလောင်၊ ခရီးသည်များ ကစဥ့်ကလျား ထွက်ပြေး (ရုပ်သံ)

ဗြိတိန်နိုင်ငံမှာ ခရီးသည်တင် ၂ ထပ်ဘတ်စ်ကားတစင်း ကြောက်မက်ဖွယ် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ယာဉ်မောင်းနဲ့ ခရီးသည်တွေဟာ ကစဥ့်ကလျား ထွက်ပြေးခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ လန်ဒန်မြို့ အနောက်မြောက်ဘက်၊ ဖင့်ခ်ျလေလမ်းမပေါ်မှာ သြဂုတ် ၁၃ ရက် ညပိုင်းက ဖြစ်ခဲ့ပြီး အမှတ် ၁၁၃ ဘတ်စ်ကားကြီးဆီက မီးခိုးလုံးကြီးတွေ ထွက်နေခဲ့တာကို တွေ့ရပါတယ်။ အမျိုးသားတဦးက ကားရဲ့ အနောက်ဘက်ပိုင်းကနေ မီးငြှိမ်းသတ်ဖို့ ကြိုးစားနေခဲ့ချိန်မှာ လူတွေက ဝိုင်းကြည့်နေခဲ့ကြတာကိုလည်း ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အန်နာအမည်နဲ့ တွစ်တာအသုံးပြုသူ အမျိုးသမီးတဦးက မီးလောင်ကျွမ်းတဲ့ အဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို တင်ခဲ့ပြီး ပေါက်ကွဲသံကြီး ကြားလိုက်ရပြီး လူတွေဟာ အော်ဟစ်ပြီး ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ ရေးခဲ့တာပါ။ “ဘာဖြစ်သလဲဆိုတာကို ကျမ မသိပါဘူး။ ဒါပေမယ့် ကျမတို့ အသံအကျယ်ကြီး တသံကြားလိုက်ရတယ်။ အော်သံတွေ၊ ထိတ်လန့်တကြား ပြေးနေကြတာတွေ၊ အဲဒီအချိန်မှာ ဘတ်စ်ကားကြီးက မီးလောင်နေခဲ့တာရှင့်။” လန်ဒန်မြို့တော် မီးသတ်တပ်ဖွဲ့ကတော့ အခင်းဖြစ်တဲ့နေရာဆီ မီးငြှိမ်းသတ်ဖို့  မီးသတ်ကား ၂ စီး လွှတ်ခဲ့ပြီး အချိန် ၁၀ မိနစ်အကြာမှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ လန်ဒန်မြို့တော် ပို့ဆောင်ရေးဌာနမှ ပြောရေးဆိုခွင့်ရသူ အမျိုးသမီးတဦးကတော့ “ဒီအမှုမှာ ထိခိုက်ဒဏ်ရာရသူ တယောက်မှ မရှိခဲ့ပါဘူး။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ကျမတို့ ရှာဖွေနေပါတယ်” လို့ ပြောပါတယ်။
4 years Ago
Up