လန်ဒန်မြို့ဆံသဆရာ ဒေါ်နယ်လ်ထရမ့်ပုံ တင်ပြီး သရော် (ရုပ်သံ)

October 16, 2016

လန်ဒန်မြို့ဆံသဆရာ ဒေါ်နယ်လ်ထရမ့်ပုံ တင်ပြီး သရော် (ရုပ်သံ)

လန်ဒန်မြို့အနောက်ဘက်က ဆံသဆိုင်တစ်ဆိုင်က ဆံပင်ညှပ်ဆရာ ကရင်မ်နက်ဘ်ဘက်ခ်ျဟာ နောက်ဆုံးပေါ် သရော်လှောင်ပြောင်မှုအနေနဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ပုံကို သူ့ရဲ့ဆံသဆိုင်မှာ ကပ်ပြီး သရော်လှောင်ပြောင်လိုက်ပါတယ်။ “အကယ်၍ နောက်ထပ်ဟာသ သတင်းတွေ ထပ်ကြားရရင် ကျနော်အနေနဲ့ ဒီလိုဟာသ ဆံပင်ပုံစံတွေ ထပ်စဉ်းစားလို့ရတယ်၊ ပြီးရင်ဒီပုံကို ကျနော့်ဆံသဆိုင်မှာ ထပ်ကပ်ပြီးကြေညာမယ်” လို့ ဆံသဆရာကပြောပါတယ်။ “ကျနော့်မှာ ခုဆို နိုင်ငံတကာက ဆံပင်ညှပ်မယ့်သူတွေ ပိုလာတယ်၊ ဂျနီဗာ၊ ဇူးရစ် ကနေဒါနဲ့ ဒူဘိုင်းက ဧည်သည်တွေ ကျနော့်ဆိုင်မှာ ဆံပင်လာညှပ်ကြတယ်” လို့ ပြောပါတယ်။ နက်ဘ်ဘက်ခ်ျဟာ လွန်ခဲ့တဲ့ ၂ နှစ်က မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ပုံကို သူ့ဆံသဆိုင်မှာကပ်ပြီး ဘယ်သူမဆို “ဆံပင်ပုံ ဆိုးဆိုးဖြစ်တဲ့နေ့” ဆိုတဲ့ အတွေ့အကြုံရချင်ရင် သူ့ဆိုင်မှာ လာညှပ်ပါ ဈေးလျှော့ပေးမယ်လို့ လှောင်ပြောင်သရော်ခဲ့တာပါ။ အဲ့ကင်ဂျုံအန်းရဲ့ပုံကို တင်ပြီးတော့ ရက်အနည်းငယ်အကြာမှာ မြောက်ကိုရီးယားရဲ့ အာဏာပိုင်တွေ ဆံသဆိုင်ကို ရောက်လာပြီး သူတို့ခေါင်းဆောင်ရဲ့ပုံကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက် ဒီသတင်းဟာလည်း အလျင်အမြန်နှုန်းနဲ့ကို ကမ္ဘာ့ခေါင်းကြီးပိုင်း သတင်းဖြစ်သွားတယ်လို့လည်း သိရပါတယ်။ လန်ဒန်ဆံသဆရာ နက်ဘ်ဘက်ခ်ျရဲ့ နောက်ဆုံးပစ်မှတ်ကတော့ အင်္ဂလန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်လို့လည်း သိရပါတယ်။ “ဘောရစ်စ်ဂျွန်ဆင်နဲ့ပတ်သက်ပြီး ကျနော်ခေါင်းထဲဝင်လာတာ လွန်ခဲ့တဲ့ ၆ လကတည်းက၊ ဒါပေမယ့် ကျနော်ဘာမှ စဉ်းစားလို့ မရသေးဘူး။ အကယ်၍ တစ်ယောက်ယောက်မှာများ စိတ်ကူးရှိမယ်ဆိုရင် ကျနော်သူတို့နဲ့အတူတူ စိတ်ကူးဖျစ်ညှစ်ထုတ်ဖို့ ဆန္ဒရှိတယ်လို့လည်း” ဟာသနှောပြီး ပြောသွားပါတယ်။
6 years Ago
Up