လန်ဒန်ရထားဗုံးပေါက်ကွဲမှု

September 21, 2017

လန်ဒန်ရထားဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဆယ်ကျော်သက်အမျိုးသားတဦးကို ထပ်မံဖမ်းဆီး

လန်ဒန်မြေအောက်ရထားပေါ် ဗုံးပေါက်ကွဲ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး လန်ဒန်တောင်ပိုင်းမှာ အသက် ၁၇ နှစ်အရွယ် အမျိုးသားတဦးကို ရဲတွေက ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ လန်ဒန်တောင်ပိုင်း သွန်တန်ဟိသ်ခရိုင်မှာ ရဲအရာရှိတွေက စက်တင်ဘာ ၂၁ ရက် မနက် ၁၂ နာရီ ၅ မိနစ်အချိန်မှာ ဒီဆယ်ကျော်သက်ကို ဖမ်းမိတာလို့ ဆိုပါတယ်။ အခုဖမ်းဆီးခဲ့တဲ့ ဆယ်ကျော်သက်ဟာ ဒီအမှုနဲ့ပတ်သက်လို့ ၆ ဦးမြောက်ဖြစ်ပြီး သူတို့အားလုံးကို လန်ဒန်တောင်ပိုင်းက ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ လန်ဒန်မြို့က ပါဆန်စ်ဂရင်း မြေအောက်ဘူတာရုံမှာ စက်တင်ဘာ ၁၅ ရက်နေ့က ရုံးဆင်းရုံးတက်ချိန် ပြေးဆွဲတဲ့ ရထားပေါ် လက်လုပ်ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး လူ ၃၀ ဒဏ်ရာရခဲ့တာပါ။ အကြမ်းဖက်အက်ဥပဒေ ပုဒ်မ ၄၁ နဲ့ အခုနောက်ဆုံး ဖမ်းဆီးမိတဲ့ ဆယ်ကျော်သက်နေတဲ့နေရာက ပစ္စည်းတွေကို ရဲတွေက စတင်ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။ စကော့တလန်ယာ့ဒ် တန်ပြန် အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ရဲ့ အကြီးအကဲ တပ်မှူး ဒီးန်ဟေဒန်က “ပိုမိုတိုးတက်တဲ့ စုံစမ်းမှုဖြစ်ဖို့ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပါတယ်” လို့ ပြောပါတယ်။ “စက်တင်ဘာ ၁၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု ပြီးကတည်းက သိသာထင်ရှားတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေပါတယ်။ ခုဆိုရင် အမျိုးသား ၆ ဦးကို ဖမ်းဆီးထားပြီး လိပ်စာ ၅ ခုကို ဆက်လက်ရှာဖွေနေပါတယ်။ ထောက်လှမ်းရေးတွေက အကြမ်းဖက်တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အချက်အလက် အပြည့်အစုံကို ဆုံးဖြတ်ဖို့ စုံစမ်းမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါတယ်” လို့ တပ်မှူးက ပြောပါတယ်။ အသက် ၂၅ နှစ်၊ ၃၀ နှစ်နဲ့ ၄၈ နှစ်အရွယ် အမျိုးသား ၃ ဦးကို ဝေးလ်စ်နယ်တောင်ပိုင်း နယူးပို့တ်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦးကိုတော့ လန်ဒန်တောင်ပိုင်း ဟောင်စလိုမြို့မှာ ဖမ်းမိခဲ့ကာ ၁၈ နှစ်အရွယ် အမျိုးသားကိုတော့ ဒိုဗာဆိပ်ကမ်းမှာ ဖမ်းမိခဲ့တာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up