လန်ဒန်တရားရုံး

April 12, 2019

တရားရုံးတွင် အစစ်ခံရန် ပျက်ကွက်မှုကြောင့် ဂျူလီယန်အက်ဆန်တွင် အပြစ်ရှိဟု ဆုံးဖြတ်

ဝီကီလိခ်တည်ထောင်သူ ဂျူလီယန် အက်ဆန်ဟာ တရားရုံးမှာ လာရောက်အစစ်ဆေးခံဖို့ ပျက်ကွက်တဲ့အတွက် ပြစ်မှုထင်ရှားတယ်လို့ လန်ဒန်တရားရုံးက ဧပြီ ၁၁ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ လန်ဒန်မြို့က အီကွေဒေါသံရုံးထဲမှာ ၇ နှစ်ကြာ ခိုလှုံနေတဲ့ အက်ဆန်ကို အီကွေဒေါ အစိုးရက နိုင်ငံရေးခိုလှုံခွင့် ရုပ်သိမ်းလိုက်ပြီးနောက် ဧပြီ ၁၁ ရက်နေ့မှာ လန်ဒန်ရဲတပ်ဖွဲ့က သံရုံးထဲဝင်ပြီး သူ့ကို ဖမ်းဆီးလိုက်တာပါ။ အီကွေဒေါအစိုးရရဲ့ ဖိတ်ကြားချက်အရ သံရုံးထဲ ဝင်ဖမ်းခဲ့တာလို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တခုနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံကို ပြန်ပို့ခံရမယ့်အရေး ရှောင်ရှားဖို့ အက်ဆန်ဟာ ၂၀၁၂ ခုနှစ်က လန်ဒန်မြို့မှာရှိတဲ့ အီကွေဒေါသံရုံးထဲ သွားရောက်ခိုလှုံနေခဲ့ပါတယ်။ အသက် ၄၇ နှစ်အရွယ် သြစတြေးလျနိုင်ငံသား အက်ဆန်က အပြစ်မရှိဘူးလို့ လျှောက်လဲခဲ့ပြီး တရားရုံးမှာ လာရောက်အစစ်ဆေးခံဖို့ ပျက်ကွက်တဲ့ ပြစ်မှုအရ သူဟာ အများဆုံး ထောင်ဒဏ်တနှစ်အထိ ကျခံရနိုင်ပါတယ်။ ဗြိတိန်ဆိုင်ရာ အီကွေဒေါသံအမတ် ဂျေမီ မာချန်က အက်ဆန်ဟာ စည်းမျဉ်း အကြိမ်ကြိမ် ချိုးဖောက်တာတွေကြောင့် ၇ နှစ်ကြာ နိုင်ငံရေးခိုလှုံခွင့် ရုပ်သိမ်းလိုက်တာလို့ ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဝီကီလိခ်က ဖွင့်ချခဲ့တာနဲ့ ပတ်သက်လို့လည်း အမေရိကန်က သူ့ကို တရားစွဲထားပါတယ်။
2 years Ago
Up