လတ်စ်ဗီးဂက်စ် ဂီတပွဲတော်တွင် သေနတ်ပစ်ခတ်မှုဖြစ်၊ အနည်းဆုံး လူ ၅၀ သေဆုံး

October 2, 2017

လတ်စ်ဗီးဂက်စ် ဂီတပွဲတော်တွင် သေနတ်ပစ်ခတ်မှုဖြစ်၊ အနည်းဆုံး လူ ၅၀ သေဆုံး (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ အောက်တိုဘာ ၁ ရက်နေ့က လတ်စ်ဗီးဂက်စ် ဂီတပွဲတော် လာရောက်သူတွေထဲကို သေနတ်သမား ပစ်ခတ်ခဲ့လို့ အနည်းဆုံးလူ ၅၀ သေဆုံးပြီး ၂၀၀ လောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။ လူအုပ်က Route 91 Harvest ကျေးလက်ဂီတပွဲတော်ကို နားဆင်နေတုန်း သေနတ်သမားက ဟိုတယ်ရဲ့ဝရန်တာကနေ စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ လူတွေထွက်ပြေးပြီး သေနတ်သမားအကြောင်း ရဲတွေကို သတင်းပေးလို့ အခင်းဖြစ်ရာနေရာကို ကင်းလှည့်ရဲကားတွေ ရောက်လာခဲ့ပါတယ်။ ရဲတချို့က ရဲကားတွေရဲ့ အနောက်ဘက်မှာ အကာအကွယ်ယူနေချိန် တခြားရဲတွေက ရိုင်ဖယ်သေနတ်တွေကိုင်ပြီး အခင်းဖြစ်ပွားရာ မန္တလေးဘေးဟိုတယ်နဲ့ ကာဆီနိုဆီကို ပြေးလာခဲ့ကြပါတယ်။ လတ်စ်ဗီးဂက်စ် မက်ထရိုပိုလီတန် ရဲဌာနရဲ့ နောက်ပိုင်း အတည်ပြုချက်အရ သံသယရှိ သေနတ်သမားတဦးကို ပစ်ခတ်နိုင်ခဲ့ပေမယ့် အဲ့ဒီနေရာကို ဂီတဖျော်ဖြေပွဲ လာရောက်သူတွေ မသွားဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။ “သံသယရှိသူတဦးကို ပစ်ခတ်နိုင်ခဲ့တယ်။ စုံစမ်းမှုတွေ ထပ်လုပ်နေပြီး အခင်းဖြစ်နေရာကို ကျေးဇူးပြုပြီး မသွားကြပါနဲ့” လို့ ရဲတပ်ဖွဲ့က တွစ်တာမှာ ရေးထားပြီး ဒီသေနတ်ပစ်ခတ်မှုမှာ နောက်ထပ် သေနတ်သမား မရှိဘူးလို့ ရဲတွေက ထပ်ဖြည့်ပြောထားပါတယ်။ ရဲတွေက သံသယရှိသူတဦးကို ပစ်ခတ်နိုင်ခဲ့တယ်လို့ ပြောပေမယ့် အသေပစ်ခတ်နိုင်ခဲ့တာလား ဒါမှမဟုတ် ထိခိုက်ဒဏ်ရာ ရခဲ့တာလားဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးဘဲ နောက်ထပ် သတင်းအချက်အလက် အသေးစိတ်ကို ရဲတွေက အချိန်တိုအတွင်း ထုတ်ပြန်သွားမှာဖြစ်ကြောင်း မေရာသတင်းမှာ အောက်တိုဘာ ၂ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up