ထိုင်းလူမှုကွန်ရက်မှာ ခုရက်ပိုင်းအတွင်း ကျိန်စာသင့်မြွေနဂါးကျောက်ဂူရှိသော လည်ပတ်စရာနေရာတခု ထပ်မံတွေ့ရှိဆိုတဲ့ ပို့စ်တခုကို လူတွေအတော်များများ ဖြန့် ဝေနေကြပါတယ်။
အဆိုပါ ကျိန်စာသင့်မြွေနဂါးကျောက်ဂူမှာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘင်ကန်ခရိုင် ဘင်ခုန်လုန်မြို့နယ် ဖူးလင်္ကာ တောင်တန်းပေါ်မှာတည်ရှိကြောင်း၊ မြွေခေါင်းပြတ်ပုံ ကျောက်တုံးကြီးနဲ့ နဂါးကြီးခွေနေတဲ့ ကျောက်နံရံပုံပါတွဲပြထားတာကြောင့် လူတွေ စိတ်ဝင်တစား သွားရောက်ကြည့်ရှု လည်ပတ်ချင်နေကြတာပါ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘင်ကန်ခရိုင် ပြန်ကြားရေးနဲ့ အသံလွှင့်ဌာနကိုလည်း မေးမြန်းလာကြတာကြောင့် အသံလွှင့်ဝန်ထမ်းတွေကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။
ဖူးလင်္ကာတောင်ခြေမှာ ချိုင်းမုံးခုံးကျောင်းတိုက်ရှိပြီး တောင်ပေါ်မှာ ထမ့်နားခါး (နဂါးဂူ) ဆိုတာတော့ အမှန်တကယ်ရှိကြောင်း၊ ဂူနံရံတွေဟာ နဂါးအကြေးခွံလို အကွက်တွေဖြစ်နေတာကြောင့် နဂါးဂူလို့ခေါ်ပြီး ဂူနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီပုံပြင်တွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြွေခေါင်းနဲ့တူတဲ့ ကျောက်တုံးကြီးကတော့ အဲဒီနေရာမှာမရှိဘဲ လာအိုနိုင်ငံ ဥဒုမ်းချိုင်းခရိုင်က ပုံကို နဂါးဂူပုံနဲ့ ယှဉ်တွဲဖော်ပြခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။
ဂူနံရံမှာ အကြေးခွံလို အကွက်အပြောက်တွေ ဖြစ်ပေါ်နေတာကတော့ သိပ္ပံဘာသာ အသုံးအနှုန်းအရ Sun Crack ဟုခေါ်ဆိုကြောင်း၊ နေ့အပူချိန်နဲ့ ညအပူချိန် ရုတ်ချည်း ပြောင်းလဲသွားရင် ကျေက်စိုင် ကျောက်သားတွေ ကွဲအက်လာတတ်ပြီး မိုးရေတွေ တိုက်စားတာများတော့ မျက်နှာပြင်ပြောင်ချောလာကြောင်း၊ အဝေးကနေကြည့်ရင် နဂါးခွေနေ တဲ့ပုံနဲ့ အလားသဏ္ဌာန်တူကြောင်း၊ ဂူထဲမှာတော့ သံဃာနဲ့ ယောဂီတွနဲ့ လာရောက်တရားထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပို့စ်တစ်ခုကို တင်တော့မယ်ဆိုရင် မှန်မမှန်ဦးစွာဆန်းစစ်ပြီးမှ တင်သင့် ရှယ်လ်သင့်တယ်လို့ ပြန်ကြားရေးနဲ့ အသံလွှင့်ဌာနဝန်ထမ်းက ပြောသွားပါတယ်။
ကိုးကား - ခေါဝ်ဆွတ် / ထိုင်းရတ်
8 months Ago