လူပေါင်း ၉၃ ယောက်ကို လည်ပင်းညှစ်သတ်ပြီး အမေရိကန်သမိုင်းမှာ လူအသတ်နိုင်ဆုံး ဆက်တိုက်လူသတ်သမားလို့ FBI က သတ်မှတ်တဲ့ ဆန်မြူရယ်လစ်တယ်ဟာ ဒီဇင်ဘာ ၃၀ ရက် အသက် ၈၀ အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဆက်တိုက်လူသတ်သမား လစ်တယ်ဟာ ၁၉၈၀ ဝန်းကျင်ကာလက လော့စ်အိန်ဂျလိစ်ကောင်တီမှာ အမျိုးသမီး ၃ ယောက်ကို သတ်ဖြတ်မှု၊ အခင်းနေရာတွေမှာ တွေ့ရတဲ့ သဲလွန်စ ဒီအင်န်အေ စစ်ချက်တွေအရ သူနဲ့ဆက်နွှယ်နေတဲ့ လူသတ်မှုတွေအတွက် ခံဝန်ကတိနဲ့ လွှတ်ပေးတာ မရှိတဲ့ တစ်သက်တကျွန်း ပြစ်ဒဏ် ၃ ခုကို ကျခံနေတာပါ။
လော့စ်အိန်ဂျလိစ်ကောင်တီ ဂျူရီအဖွဲ့က လစ်တယ်ဟာ ပြစ်ဒဏ်အကြီးဆုံး လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ၂၀၁၄ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ နှစ်လအကြာမှာတော့ လစ်တယ်ဟာ သူရဲ့ ပြစ်ဒဏ်ကို စတင်ကျခံခဲ့ပါတယ်။
၁၉၇၀ ကနေ ၂၀၀၅ ခုနှစ်အတွင်း လူပေါင်း ၉၃ ယောက်ကို လည်ပင်းညှစ် သတ်ခဲ့တယ်ဆိုတာကိုလည်း လစ်တယ်က ဝန်ခံခဲ့ပါတယ်။
သူ့ကို လန်ကတ်စတာမြို့က ပြည်နယ်အကျဉ်းထောင်မှာ အကျဉ်းချထားပေမဲ့ သူဟာ ကယ်လီဖိုးနီးယားဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
2 months Ago