လစ်ဗျားနိုင်ငံ

January 7, 2020

လစ်ဗျားနိုင်ငံ စာတီမြို့ကို ဟဲ့ဖ်တာစစ်တပ် လေကြောင်းထိုးစစ်ဆင် သိမ်းပိုက်

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းကို သိမ်းပိုက်အခြေစိုက်ထားတဲ့ စစ်ဦးစီးမှူး ခါလီဖာ ဟဲ့ဖ်တာကို သစ္စာခံတဲ့ စစ်တပ်က ဗျူဟာမြောက် ကမ်းရိုးတန်းမြို့ စာတီကို လေကြောင်းတိုက်ခိုက်ရင်း ရုတ်တရက် ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီလို့ ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။ စာတီမြို့ကို ထိန်းချုပ်နိုင်တာဟာ ဟဲ့ဖ်တာအတွက် အရေးကြီးတဲ့ ပိုင်ဆိုင်မှုပါ။ သူဟာ နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျားအစိုးရ (GNA) ရုံးစိုက်ရာ ထရီပိုလီမြို့တော်ကို သိမ်းဖို့  ဧပြီလတည်းက ထိုးစစ်ဆင်နေခဲ့ပါတယ်။ အယ်လ်ကာဒါဘီယာ လေတပ်အခြေစိုက်စခန်း အပါအဝင် စာတီမြို့နဲ့ ပတ်ဝန်းကျင်ဒေသကိုပါ သိမ်းပြီး မြို့လယ်ဆီ တပ်တွေရွှေ့ထားပြီလို့ ဟဲ့ဖ်တာရဲ့ လစ်ဗျား အမျိုးသား တပ်မတော် (LNA) က ပြောပါတယ်။ စာတီမြို့ဟာ လစ်ဗျားနိုင်ငံရဲ့ မြေထဲပင်လယ် ကမ်းရိုးတန်းအလယ်မှာ ရှိနေတာပါ။ ၂၀၁၆ မှာ အမေရိကန် လေကြောင်းစစ်ကူနဲ့အတူ မြို့ကို အိုင်အက်စ်စစ်သွေးကြွတွေ လက်ထဲကနေ ပြန်သိမ်းပြီးတည်းက GNA အစိုးရက ထိန်းချုပ်ထားခဲ့ပါတယ်။ GNA အစိုးရကို ကူညီဖို့ လစ်ဗျားကို စစ်ဘက်အကြံပေးတွေနဲ့ ပညာရှင်တွေလွှတ်ဖို့ တူရကီက ပြင်ဆင်နေချိန်မှာ LNA က စာတီကို သိမ်းပိုက်ခဲ့ပါတယ်။ စာတီမြို့ဟာ  ရေနံတင်ပို့ရာ အဓိကစက်ရုံ တော်တော်များများရှိရာ လစ်ဗျား ကမ်းရိုးတန်းမှာရှိပြီး လစ်ဗျားခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။
1 year Ago

December 28, 2019

တိုက်ပွဲအရှိန်မြင့်လာသဖြင့် လစ်ဗျားနိုင်ငံတွင် လုံခြုံရေးတပ်လှန့်

လစ်ဗျားနိုင်ငံအတွင်း အုပ်စုနှစ်ခုအကြား တိုက်ပွဲတွေ အရှိန်မြင့်နေတာမို့ ဒီဇင်ဘာ ၂၇ ရက်က မြို့တော် ထရီပိုလီလမ်းတွေပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထားပါတယ်။  လစ်ဗျားရဲ့ နိုင်ငံတကာအသိမှတ်ပြုအစိုးရ (GNA) ဟာ ဗိုလ်ချုပ်ကြီး ခါလီဖာ ဟက်ဖ်တာရဲ့ တပ်ဖွဲ့တွေ မြို့တော်ထဲ မဝင်အောင် တားဆီးနေရပါတယ်။ ရုရှား၊ အီဂျစ်၊ ယူအေအီးနဲ့ ဂျော်ဒန်တို့က ထောက်ခံ အားပေးနေတဲ့ ဟက်ဖ်တာရဲ့လစ်ဗျား အမျိုးသားတပ်မတော်ဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက မြို့တော် ထရီပိုလီကို (GNA) အစိုးရ လက်ကနေ သိမ်းယူဖို့ ကြိုးစားနေတာပါ။ GNA အစိုးရကို ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဟက်ဖ်တာရဲ့တပ်တွေက ထရီပိုလီမြို့လယ်ကောင်ထိ မထိုးဖောက်နိုင်သေးပေမယ့် မကြာသေးခင်က မြို့တော်ရဲ့ ဆင်ခြေဖုံးတွေကို အသာစီးရထားပါတယ်။ အဲဒီလို တိုက်ခိုက်ရာမှာ ရုရှားနဲ့ ဆူဒန်တိုက်ခိုက်ရေးသမားတွေ၊ ယူအေအီးနိုင်ငံက  ပေးပို့တဲ့ ဒရုန်းယာဉ်တွေက ကူညီခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
More News
Up