လစ်လပ်မဲဆန္ဒနယ်

October 26, 2016

လစ်လပ်မဲဆန္ဒနယ်မြေအားလုံးတွင် အန်အယ်လ်ဒီ ၀င်ရောက်ယှဉ်ပြိုင်မည်

လာမယ့်ဧပြီလ ၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့  လစ်လပ်နေရာအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။ “နေရာအားလုံးဝင်ပြိုင်မှာပါ။ ကျနော်တို့ အောင်နိုင်ရေးဘာညာတော့ ဘာမှမခွဲရသေးပါဘူး။ လူလည်းမရွေးရသေးပါဘူး။ မကြာခင်လုပ်မှာပါ။ ” နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့  ကော့မှူးမြို့နယ်မှာလည်း အန်အယ်လ်ဒီက ဘယ်သူကို အစားထိုးယှဉ်ပြိုင်ဖို့ ရွေးချယ်မလဲဆိုတာလည်း မသိရသေးပါဘူး။ နိုင်ငံတ၀န်း လစ်လပ်မဲဆန္ဒနယ်မြေ ၁၈ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲတွေကို လာမယ့် ၂၀၁၇ ခ ဧပြီ ၁ ရက်မှာ ကျင်းပပြုလုပ်သွားဖိုရှိနေတာပါ။  ညောင်ရွှေမဲဆန္ဒနယ် အမှတ် (၁) က လွှတ်တော်အမတ်တဦး ကွယ်လွန်သွားတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် လစ်လပ်နေရာပေါင်း ၁၉ နေရာ ဖြစ်လာဖို့ရှိနေပါတယ်။ လတ်တလော ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ် ၉ ခု၊ အမျိုးသားလစ်လပ်မဲဆန္ဒနယ် ၃ခုနဲ့ ပြည်နယ်တိုင်း လွှတ်တော်လစ်လပ်နယ်မြေ ၆ ခု တို့မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅  အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့တဲ့ မြို့နယ် ၇ ခု အနက် ၂ ခုကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်မှာ ဖြစ်ပေမယ့် ကျန် ၅ ခုမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ပေးနိုင်သေးပါဘူး။ ပန်ဆန်း၊ ပန်ဝါ၊ နားဖန်း၊ မိုင်းမောနဲ့ မိုင်းလား မြို့နယ်တွေမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲတွေ မကျင်းပနိုင်သေးပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း နာမည်စာရင်းတင်သွင်း တာတွေ၊ နာမည်စာရင်းစိစစ်တာတွေကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့အတွင်း လုပ်ဆောင်သွားမှာဖြစ်ပြီး ဇန်န၀ါရီလ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နာမည်စာရင်းတွေ ကို ကြေညာသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
5 years Ago

October 12, 2016

လစ်လပ်မဲဆန္ဒနယ် ၁၈ ခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်

  လာမယ့် ၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက်မှာ နိုင်ငံတ၀န်း လစ်လပ်မဲဆန္ဒနယ်မြေ ၁၈ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။ ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ် ၉ ခု၊ အမျိုးသားလစ်လပ်မဲဆန္ဒနယ် ၃ခုနဲ့ ပြည်နယ်တိုင်း လွှတ်တော်လစ်လပ်နယ်မြေ ၆ ခု တို့မှာ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒုတိယညွှန်ကြားရေးမှူး ဦးကောင်းမြတ်ဟိန်းသူ က ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက လုံခြုံရေး အခြေအနေအရ မကျင်းပဖြစ်ခဲ့တဲ့ နယ်မြေ ၂ခု အခု ကြားဖြတ်မှာ ပါဝင်တယ်လို့ ပြောပါတယ်။ “၂၀၁၅ ခုနှစ်က မကျင်းပဖြစ်တဲ့ထဲက မိုင်းရှူးနဲ့ ကျေးသီး ပြန်ပါလာတယ်ဗျ။ သူက မြို့နယ်တခုမှာ ပြည်သူ့လွှတ်တော်တခုနဲ့ တိုင်းဒေသကြီး လွှတ်တော် ၂ခု ပါတယ်။ အားလုံးပေါင်းရင် မြို့နယ် ၂ ခုမှာ အားလုံး ၆ ခု ဖြစ်သွားမယ်။” ၂၀၁၅ ရွေးကောက်ပွဲမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့တဲ့ မြို့နယ် ၇ ခု အနက် ကျန်မြို့နယ် ၅ ခုမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ပေးနိုင်သေးပါဘူး။ ပန်ဆန်း၊ ပန်းဝါ၊ နားဖန်း၊ မိုင်းမောနဲ့ မိုင်းလား မြို့နယ်များမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၄၄ခု ရှိခဲ့ပြီး အန်အယ်လ်ဒီကိုယ်စားလှယ် ၄၃ ဦးအထိ အနိုင်ရခဲ့ပါတယ်။
5 years Ago
Up