လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် မွန်းဂျဲအင်း တောင်ကိုရီးယား သမ္မတသစ် ဖြစ်လာ

May 10, 2017

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် မွန်းဂျဲအင်း တောင်ကိုရီးယား သမ္မတသစ် ဖြစ်လာ

လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် မွန်းဂျဲအင်းဟာ ရွေးကောက်ပွဲအနိုင်ရပြီး ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတသစ် ဖြစ်လာပါတယ်။ ရွေးကောက်ပွဲကော်မရှင်က မွန်းဂျဲအင်း အနိုင်ရမှုကို ဒီနေ့မနက် ၈ နာရီမှာ ကြေညာပါတယ်။ အိမ်နီးချင်း မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး တင်းမာနေတဲ့အချိန်မှာ မွန်းဂျဲအင်းဟာ တောင်ကိုရီးယားနိုင်ငံကို ဦးဆောင်ရမှာပါ။ မတ်လက အဂတိလိုက်စားမှုကြောင့် သမ္မတ ပါ့ခ်ဂွန်ဟေးကို ရာထူးကနေ ဖယ်ရှားခဲ့ပြီးတဲ့နောက် အာဏာလေဟာနယ်ကို ဖြည့်ရမှာဖြစ်လို့ သမ္မတသစ်ဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့  အမည်စာရင်းကိုလည်း ချက်ချင်း ကြေညာဖွယ်ရှိပါတယ်။ သမ္မတသစ်ဟာ တောင်ကိုရီးယားစံတော်ချိန် ညနေ ၂ နာရီခွဲမှာ ပထမဆုံးအကြိမ်အဖြစ် မီဒီယာတွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။ အရေးကြီးတဲ့ ရာထူးနေရာတွေဖြစ်တဲ့ ဝန်ကြီးချုပ်၊ အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲ၊ သမ္မတရုံးရဲ့ ရုံးအဖွဲ့မှူး၊ သက်တော်စောင့်အဖွဲ့ခေါင်းဆောင်နဲ့ ပါလီမန်အရာရှိတဦးတို့ရဲ့ အမည်စာရင်းကိုလည်း ကြေညာဖွယ်ရှိပါတယ်။ ယွန်ဟတ်သတင်းအရ သမ္မတသစ်ဟာ ခရိုင်အုပ်ချုပ်ရေးမှူး လီနခ်ယွန်းကို ဝန်ကြီးချုပ်ခန့်ဖို့အတွက် ဆုံးဖြတ်ထားပြီးပြီလို့ ဆိုပါတယ်။ ဒါပေမယ့် သမ္မတသစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သတင်းကို အတည်မပြုပါဘူး။ အသက် ၆၄ နှစ်အရွယ် သမ္မတသစ် မွန်းဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ လက်တွဲပြီး သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up