လစ်ဗျားကမ်းလွန် မြေထဲပင်လယ်ပြင်မှာ စနေနေ့က ရွှေ့ပြောင်းဒုက္ခသည်လှေနစ်မြုပ်ပြီး ဒုက္ခသည် အယောက် ၁၀၀ လောက်ပျောက်ဆုံးနေတယ်လို့ အီတလီကင်းခြေစောင့်တပ်က ပြောဆိုပါတယ်။
ရေနစ်သေဆုံးသူ ဒုက္ခသည် ၈ လောင်းကို အီတလီရေတပ်က ဆယ်ယူရရှိထားပြီး ၄ ယောက်ကိုတော့ အရှင်ကယ်ဆယ်ရရှိခဲ့တယ်လို့လည်းပြောဆိုပါတယ်။
လစ်ဗျားနိုင်ငံနဲ့ အီတလီနိုင်ငံအကြား လစ်ဗျားကမ်းခြေနဲ့ မိုင် ၃၀ အကွာလောက် ဒုက္ခသည်လှေ နစ်မြှုပ်သွားပြီး ညပိုင်းရောက်လာတဲ့အချိန်ထိလည်း ဒုက္ခသည် ရာနဲ့ချီပြီး ပျောက်ဆုံးနေတယ်လို့ အီတလီရေတပ်ကပြောဆိုပါတယ်။
ပြင်သစ်ရေတပ်သင်္ဘောတစီးနဲ့ ကုန်တင်သင်္ဘော ၂ စီးတို့လည်း ကူညီရှာဖွေပေးနေကြပါတယ်။ ပျောက်ဆုံးနေတဲ့ ဒုက္ခသည်တွေ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
၂၀၁၅ နှစ်ကုန်ပိုင်းက ဥရောပကို ၀င်ရောက်တဲ့ ကုန်းတွင်း ဒုက္ခသည်လမ်းကြောင်း တွေကို ဥရောပနိုင်ငံတွေက ပိတ်ဆို့ခဲ့ကြအပြီး ဒီမြေထဲပင်လယ်ဖြတ် ဒုက္ခသည်လမ်းကြောင်းက အန္တရာယ်ကြီးပေမယ့်လည်း ပိုပြီး သုံးလာကြတာပါ။
သောကြာနေ့ကတော့ မြေထဲ ပင်လယ်ဖြတ် ဒုက္ခသည် ၈၀၀ လောက်ကို အီတလီ ကမ်းခြေစောင့်တပ်တွေက ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။
6 years Ago