ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့က ကစားသမားတွေနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေဟာ လစာလျှော့ယူဖို့ သဘောတူလိုက်ပါတယ်။
ဒီလိုသဘောတူခဲ့တာဟာ ဗိုင်းရပ်စ်ပြဿနာအတွင်း ကလပ်အသီးသီးမှာ ရှိနေကြတဲ့ တခြား ဝန်ထမ်းတွေ ငွေရေးကြေးရေး အဆင်ပြေစေဖို့ ဖြစ်တယ်လို့လည်း အသင်းတွေက ထုတ်ပြန်ထားပါတယ်။
ဘိုင်ယန်နဲ့ ဒေါ့မွန်အသင်းတို့မတိုင်ခင် ယူနီယမ်ဘာလင်အသင်းရဲ့ ကစားသမားတွေက သူတို့လစာကို လုံးဝမယူဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ယူနီယမ်အသင်းဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ မှာ ရပ်တည်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီကမ်ပိန်းကို မိုချန်ဂလတ်ဘတ်အသင်းက ဦးစွာ စတင်ခဲ့တာဖြစ်ပြီး ကစားသမားတွေဟာ သူတို့လစာကို လုံးဝမယူဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထွက်ပေါ်လာတဲ့သတင်းတွေအရ ဘိုင်ယန် ကစားသမားတွေဟာ သူတို့ရဲ့ လုပ်ခလစာကို ၂၀ ရာခိုင်နှုန်း လျှော့ယူမှာဖြစ်ကာ ဒေါ့မွန်ကစားသမားတွေက လစာအစိတ်အပိုင်းတချို့ကို လျှော့ယူမယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အားကစားပြိုင်ပွဲတွေအပေါ် ထိခိုက်မှုရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါပွဲစဉ်တွေကို မတ်လ ၈ ရက်နေ့က စတင်ရပ်နားခဲ့ရပါတယ်။
လစာ လုံးဝမယူရခြင်းဟာ ပုံမှန်မဟုတ်တဲ့ ခက်ခဲတဲ့ အခြေအနေကြောင့် ဖြစ်တယ်လို့ ယူနီယမ်ဘာလင် အသင်းသားတွေက ပြောပါတယ်။ သူတို့လစာကို ဘယ်အချိန်အထိ မယူဘဲ နေမလဲ ဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။
ပြီးခဲ့တဲ့သီတင်းပတ်မှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ရောဘတ်တိုလီဝန်စကီးနဲ့ သူ့ဇနီးသည်တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုတိုက်ဖျက်ရေးအတွက် ယူရို ၁ သန်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အသင်းဖော်တွေဖြစ်တဲ့ လီယွန်ဂေါ်တက်စကာနဲ့ ဂျိုရူအာကင်းမစ်တို့ဟာလည်း “We Kick Corona” ဆိုတဲ့ ရန်ပုံငွေ ရှာဖွေရေးအစီစဉ်တခုကို စတင်ကာ ယူရို ၁ သန်း ရှာဖွေပေးခဲ့ပါတယ်။
မတ် ၂၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ဂျာမနီနိုင်ငံမှာ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ရသူ ၃၁၅၅၄ ဦး ရှိကာ သေဆုံးသူ ၁၄၉ ဦးရှိနေပြီ ဖြစ်ပါတယ်။
11 months Ago