တူနီးရှားရဲ ထောင်ပေါင်းများစွာဟာ ဇန်န၀ါရီ ၂၅ ရက်နေ့က သမ္မတနန်းတော်ဆီ ချီတက်ခဲ့ကြပြီး လစာတိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မြို့တော် တူးနစ်ရဲ့ အပြင်ဘက် ကာသေ့အရပ်မှာရှိတဲ့ သမ္မတနန်းတော်ဆီ ချီတက်ရင်း အရပ်ဝတ် ဝတ်ထားတဲ့ ရဲတွေက နိုင်ငံတော်ကို ကာကွယ်နေတယ်၊ အခွင့်အရေးတွေကိုလည်း လိုချင်တယ်၊ လစာက အနီရောင်အဆင့်မှာ ရှိနေတုန်းပဲ စတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။
အငြိမ်းစား ရဲဝန်ထမ်းတဦးက အငြိမ်းစားလစာရော ကျန်းမာရေး စောင့်ရှောက်မှုပါ မရဘူး၊ အာဏာပိုင်တွေက လုံးဝ လျစ်လျူရှုထားတယ်လို့ ပြောပါတယ်။
သမ္မတရုံး အစောင့်တပ်က နန်းတော်နားက လမ်းကို ပိတ်ဆို့ထားပြီး ဆန္ဒပြ ရဲအယောက် ၃၀၀၀ လောက်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာပါ။
အလုပ်အကိုင် ရရှိရေးအတွက် ဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားခဲ့အပြီး ဝန်ကြီးချုပ် ဟာဘိ ဘူဆာအိရဲ့ အစိုးရအတွက် စိန်ခေါ်မှုအသစ်လည်း ဖြစ်ပါတယ်။
ကက်စရင်းမြို့၊ နိုင်ငံတောင်ပိုင်းက ဂဲ့ဖ်စာမြို့နဲ့ မြောက်ပိုင်းက ဘေဂျာမြို့တွေမှာလည်း အလုပ်လက်မဲ့ လူငယ်တွေက အစိုးရ အဆောက်အဦရှေ့မှာ ထိုင်သပိတ် မှောက်နေကြပါတယ်။
တူနီးရှား လုံခြုံရေးတပ်တွေဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေနဲ့ စစ်ပွဲအတွက် ရှေ့တန်းမှာ ရှိနေပါတယ်။
စစ်သွေးကြွတွေက စစ်တပ် ကင်းစခန်းတွေနဲ့ ကင်းလှည့်တာတွေကို တိုက်ခိုက်တဲ့အပြင် မနှစ်ကတော့ သမ္မတ အစောင့်တပ်နဲ့ ဟိုတယ်တွေ၊ ပြတိုက်တွေကိုပါ အကြီးအကျယ် တိုက်ခိုက်ခဲ့ပါတယ်။
စစ်သွေးကြွတွေရဲ့ သူပုန်ထမှု အားနည်းတဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းအပေါ် လူမှုရေးတင်းမာမှုတွေ ပေါက်ကွဲနေပါတယ်။
အရင်အပတ်က အလုပ်လက်မဲ့တဦး အလုပ်ခန့်ဖို့ ငြင်းပယ်တာခံရပြီး သူ့ကိုယ်သူ သတ်သေခဲ့လို့ နိုင်ငံတလွှား ဆန္ဒပြမှုတွေ၊ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့လို့ အစိုးရက တနိုင်ငံလုံး စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ရပါတယ်။
ဆန္ဒပြ ခေါင်းဆောင်တွေက ဝန်ကြီးချုပ်က သူတို့နဲ့တွေ့ပြီး တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးဖို့ ဆော်သြနေပါတယ်။
တူနီးရှားနိုင်ငံ ကိုလိုနီအုပ်ချုပ်သူဟောင်း ပြင်သစ်အစိုးရက တူနီးရှားရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ ကူညီမယ်လို့ အရင်အပတ်က ကတိပြုခဲ့ပါတယ်။
7 years Ago