လင်းခေတ်

October 26, 2022

အသေခံမလား၊ အနိုင်တိုက်မလား

ကိုစိန်ဝင်း ရန်ကုန်ရောက်လာတာ နှစ် ၂၀ ကျော် ကြာခဲ့ပြီ။ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်ထဲကို သူငယ်ချင်းတယောက်ရဲ့ အဆက်အသွယ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်တယ်။ ပညာအရည်အချင်းက ၁၀ တန်းမအောင်ဘူးဆိုတော့ စက်ရုံအလုပ်သမားဘဝ။ ဘာပဲဖြစ်ဖြစ် သူတို့ရပ်ရွာမှာ အလုပ်အကိုင် ရှိတချက်၊ မရှိတချက်ထက်စာရင် စက်ရုံလုပ်သားဘဝဆိုတာ သူ့အတွက် ကံကောင်းလို့ရတာလို့ ထင်ခဲ့တယ်။

ကိုစိန်ဝင်းက ရိုးသား ကြိုးစားပြီး ပိပိပြားပြားနဲ့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်သူဆိုတော့ တောက်တိုမယ်ရ အလုပ်ကြမ်းလုပ်ရတဲ့ဘဝကနေ အဆင့်ဆင့် ရာထူးတွေ ဘာတွေ ရလာတယ်။ လုပ်ငန်းကျွမ်းကျင်မှုအရ ၁၀ တန်းမအောင်တဲ့သူ ရဖို့ရာ မဖြစ်နိုင်တဲ့ Supervisor ဆိုတဲ့ လုပ်ငန်းကြီးကြပ်ရေးမှူးရာထူးအထိ ရခဲ့တာဆိုတော့ မြောက်ကြွားကြွား ဖြစ်တဲ့အထိ သူ့ကိုယ်သူ ကျေနပ်ခဲ့တယ်။

ဒါပေမဲ့ လစာကတော့ စက်ရုံတွေရဲ့ ထုံးစံအတိုင်း သိပ်မများလှပါဘူး။ ဘာပဲဖြစ်ဖြစ် အလုပ်သမားဘဝ လစာနဲ့ယှဉ်ရင် ၃ ဆလောက်လည်းများ၊ စက်ရုံက နေစရာလည်းပေး၊ ကိုယ့်ဘာသာ ဖြစ်သလို ချက်စားတတ်တာနဲ့ တကိုယ်တော် လူပျိုကြီးဘဝမို့ ရွာကအမေ့ကို လစဉ်ကန်တော့နိုင်တာအပြင် နည်းနည်းပါးပါးတော့လည်း စုဆောင်းနိုင်ခဲ့တယ်။

ခိုင်းရင်ခိုင်းသလို မခိုမကပ်လုပ်တယ်။ ကိုယ်နဲ့မဆိုင်တဲ့အလုပ်လည်း တွက်ကပ်မနေဘဲ လုပ်ပေးတယ်။ စက်ရုံက ပေးသမျှ နည်းတယ်၊ များတယ်လည်း ဘာဆိုဘာမှ မပြောသူဆိုတော့ စက်ရုံပိုင်ရှင်နဲ့ အကြီးတန်းအရာရှိတွေက ခိုင်းကောင်းလို့ အားမနာတမ်းခိုင်းသလို အသိအမှတ်လည်း ပြုကြတယ်။

သူက ၁၀ တန်းမအောင်တဲ့ ပညာအရည်အချင်းအရ တခြားစက်ရုံပြောင်းရင် အောက်ခြေအလုပ်သမားဘဝကနေ ပြန်စရမယ့်အနေအထား။ အခုလို Supervisor ဖြစ်လာဖို့ဆိုတာ အလုပ်သမားဘဝနဲ့ ၁၀ နှစ်လောက် ကောင်းကောင်းရုန်းတာတောင် ရချင်မှရမှာမို့ သူ့ဘဝသူ အမြဲတမ်း သတိထားနေရတယ်။

ဒါ့ကြောင့် တခြားလူတွေသာ စက်ရုံပြောင်းရင်ပြောင်းမယ်။ သူကတော့ မပြောင်း။ ဘယ်တော့မှလည်း ပြောင်းဖို့ရာ ဆန္ဒမရှိ။ သေရင်တောင် နတ်စိမ်းအဖြစ်နဲ့ စက်ရုံမှာ တာဝန်ဆက်ထမ်းမယ့်လူလို့ သူ့နောက်ကွယ်မှာ ပြောကြတဲ့အထိ သူက လုံးဝစတန်းဘိုင်။

စစ်အစိုးရလက်ထက် စက်ရုံတွေရဲ့ ထုံးစံအတိုင်း အလုပ်သမားတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ခေါင်းပုံဖြတ်။ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်ဆိုတာလည်း မရှိသေးတော့ အချိန်ပိုကြေး အများကြီးပေးရမှာစိုးလို့ လစာကို နည်းနည်းပဲသတ်မှတ်ပြီး လစာထဲပေါင်းထည့်ပေးတဲ့ ဘာကြေး ညာကြေးတွေက များများ။ ဥပမာ- သူတို့စက်ရုံတွေမှာ ရက်မပျက်ကြေးဆိုတာ ရှိတယ်။ တလလုံး ခွင့်တရက်မှမယူတဲ့သူတွေကို ပေးတဲ့ငွေကြေးပါ။ သင်္ကြန်ပိတ်ရက် ကိုစိန်ဝင်း သူ့ရွာပြန်တဲ့ ဧပြီလကလွဲလို့ ကျန်တဲ့ ၁၁ လစလုံး ရက်မပျက်ကြေးမရတဲ့လ ဆိုလို့ မရှိ။ အဲဒီလို လုပ်ငန်းကြီးကြပ်ရေးမှူး ကိုစိန်ဝင်း ဆိုတော့လည်း စံပြလုပ်သား ကိုစိန်ဝင်းကို နမူနာယူကြလို့ စက်ရုံပိုင်ရှင်က အလုပ်သမားတွေရှေ့ ထုတ်ပြောတဲ့အထိ။ စက်ရုံပိုင်ရှင်က ကိုစိန်ဝင်းကိုသာ နမူနာယူခိုင်းတာ။ အပိုဆုကြေးပေးတာကျတော့ ကပ်ကပ်စီးစီး။ ပြောရရင် သူတို့စက်ရုံပိုင်ရှင်က မြန်မာနိုင်ငံသားပေမဲ့ ကိုယ့်မြန်မာချင်း အလုပ်သမားတွေအပေါ် စေတနာမရှိတဲ့အထဲ ထိပ်ဆုံးက။ စက်ရုံပိုင်ရှင်မိသားစုသာ ကျိကျိတက် ချမ်းသာသွားလိုက်တာ။ သူတို့အလုပ်သမား  အားလုံးနီးပါးကတော့ လုံးလည်ချာလည်တွေချည်း။

ဒါပေမဲ့ ကိုစိန်ဝင်းကတော့ တိုးတက်မှုရှိပါတယ်။ အညာသား ကပ်စေးက ခပ်နည်းနည်းနဲ့ ကျစ်ကျစ်ပါစုတတ်တာမို့ ရန်ကုန်ရောက်ပြီး ၁၅ နှစ်မပြည့်ခင်မှာ ရွာမှာ ယာပိုင်ရှင်ဖြစ်ခဲ့တယ်။ ဒါကလည်း ကိုစိန်ဝင်း ပို့သမျှငွေနဲ့ အိမ်ဆိုင်လေးထောင်၊ ငွေတိုးလေးချေးရင်း အိမ်ဆိုင်ကို တိုးချဲ့လာနိုင်တဲ့ သူ့အမေရဲ့ စွမ်းဆောင်နိုင်တာကြောင့်လည်း ပါတာပေါ့။

ကိုစိန်ဝင်းက အကြောင်းအမျိုးမျိုးကြောင့် ဒီစက်ရုံကနေ အလုပ်ထွက်ခဲ့ရင် ခြေမဲ့လက်မဲ့ဘဝနဲ့ နောက်စက်ရုံတရုံမှာ အလုပ်သမား ဆက်လုပ်ရမှာ ကြောက်တာလည်း ပါတာပေါ့။ လစဉ် ကိုစိန်ဝင်း ပို့သမျှငွေက တိုးလာတဲ့ အရင်းအနှီးတွေချည်းမို့ ယာ ၁၀ ဧကပိုင်နဲ့ သူတို့ရွာကြီးမှာ အလတ်စားမက အိမ်ဆိုင်ပိုင်ခဲ့တာပေါ့။

ကိုစိန်ဝင်း စိတ်ထဲမှာသိတာ စက်ရုံကခိုင်းသမျှ အားထည့်လုပ်မယ်။ ပေးသလောက် ယူမယ်၊ ဒါပဲ။ ဒါပေမဲ့ NLD အစိုးရလက်ထက် အလုပ်သမားအခွင့်အရေး ဆိုတဲ့အသံ အကျယ်လောင်ဆုံး ကြားလာ။ စက်ရုံပိုင်ရှင်တွေက မတတ်သာတဲ့အဆုံး အလုပ်သမားအခွင့်အရေးတွေ ပေးလာရတာကို မြင်ရတော့ နိုင်ငံရေးအပြောင်းအလဲဆိုတာ သူတို့ သာမန်ပြည်သူတွေအပေါ် သက်ရောက်မှုရှိပါလား ဆိုတာကို သဘောပေါက်လာတယ်။

ကိုစိန်ဝင်းရဲ့ အပိုးလည်းကျိုး ခေါက်ရိုးလည်းကျိုးနေတဲ့ စိတ်ဓာတ်အရ သူတို့စက်ရုံရဲ့ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုတွေမှာ ကိုယ်ထိလက်ရောက်ပါဝင်သူ မဖြစ်ခဲ့ပေမဲ့ ထောက်ခံခဲ့သလို အဲဒီလို တောင်းဆိုမှုတွေနဲ့ အစိုးရသတ်မှတ်ချက်တွေအရ ကိုစိန်ဝင်းလည်း ဝင်ငွေတိုးခဲ့တယ်။

“ကျနော်တို့ စက်ရုံပိုင်ရှင်က အလုပ်သမားဆိုတာ ပေးတာယူ ကျွေးတာစားလို့ပဲ သတ်မှတ်ထားတဲ့သူတွေဆိုတော့ အလုပ်သမားတွေ တောင်းဆိုတာကို အံကြိတ်ပြီး ပေးခဲ့ရတာ။ စစ်အစိုးရလက်ထက်တုန်းက သူတို့လုပ်ချင်တိုင်းလုပ်ခဲ့ရပြီး NLD အစိုးရလက်ထက်မှာ လုပ်လို့မရတော့ NLD ကို စက်ရုံပိုင်ရှင်က လုံးဝပဲ။ ကျနော်တို့ အလုပ်သမားတွေကတော့ NLD ပဲ။ မဖြစ်နိုင်တာ လျှောက်တောင်းဆိုပြီး ရန်လုပ်နေတဲ့ အလုပ်သမားနည်းနည်းပဲ NLD ကိုလည်း မကြိုက်တာ” လို့ သူက ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ ကိုစိန်ဝင်း ဝင်ငွေအတန်အသင့်ကောင်းလာသလို ရွာက အမေ့အိမ်ဆိုင်လည်း ပိုကြီးလာခဲ့တယ်။ အလွန်ဆုံး နောက်ထပ် ၅ နှစ်လောက် ရန်ကုန်မှာ အလုပ်ဆက်လုပ်ပြီးရင်တော့ ရွာပြန်အခြေချတော့မယ်လို့ ကိုစိန်ဝင်း ပိုင်းဖြတ်ခဲ့တယ်။ သူတို့ဘဝ ဖွံ့ဖြိုးရေးအတွက် NLD ကို ဆက်လက်မဲပေးခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပြတ်ပြတ်သားသားနိုင်တော့ ကိုစိန်ဝင်းတို့ စက်ရုံလုပ်သားတွေ လက်သီးလက်မောင်း တန်းခဲ့တယ်။

တခြားပြည်သူတွေလိုပဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းတော့ ကိုစိန်ဝင်းလည်း ဘာလုပ်ရမယ်မသိ အငိုက်မိခဲ့တယ်။ အာဏာသိမ်းပြီးနောက် သူတို့စက်ရုံပိုင်ရှင် ရင်တွေ ဘာတွေ ကော့လာသလို ကိုစိန်ဝင်းတို့ အလုပ်သမားတွေလည်း လှိုင်သာယာသပိတ်တိုက်ပွဲမှာ ရဲရဲတောက် ပါခဲ့တယ်။

သပိတ်တိုက်ပွဲတွေ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် သူတို့စက်ရုံပိုင်ရှင်ရဲ့ မျက်နှာကြော ပိုတင်းလာတယ်။ အလုပ်သမားတွေကို မင်းတို့ ဘာတတ်နိုင်သေးလဲဆိုတဲ့ အချိုးမျိုးနဲ့ တတိယလှိုင်း ကိုဗစ်အပြီးမှာ အကြောင်းအမျိုးမျိုးပြ လုပ်ခလစာတွေ လျှော့ချခဲ့တယ်။ မကျေနပ်ရင် မလုပ်နဲ့လို့ အလုပ်ရှင်က တည့်တည့်ပြောလာ၊ သူတို့အားလုံးက မကျေနပ်ပေမဲ့ ထမင်းငတ်မှာစိုးတော့ မျက်လွှာချခဲ့ရတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ သူတို့ လုပ်ခလစာဟာ မိသားစုရှိတဲ့သူ ငတ်တဲ့ဘဝ ရောက်ရှိ။ ၂၀၂၂ ဖေဖော်ဝါရီ၊ မီးမလာလို့ စက်ရုံလည်တချက် မလည်တချက်။ အလုပ်သမားတဝက်လောက်ကို ဖြုတ်လိုက်ပြီး ကျန်တဲ့သူကိုကျ လခစားဘဝကနေ နေ့စားဘဝ။ အလုပ်လိုအပ်နေသူ တယောက်ယောက် အလုပ်ရလည်း မနည်းဘူးဆိုတဲ့စိတ်နဲ့ အလုပ်ပြုတ်တဲ့အထဲ ကိုစိန်ဝင်း မပါပေမဲ့ အလုပ်ထွက်ကာ ရွာပြန်ခဲ့တယ်။

ကိုစိန်ဝင်း ရွာပြန်ရောက်တော့ သူ့ငယ်သူငယ်ချင်း ၅ ယောက် ရွာကနေ ပျောက်သွားခဲ့ပြီ။ စစ်တပ်က အာဏာသိမ်းလို့ သူ့ စက်မှုဇုန်လုပ်သားဘဝ ပျက်၊ သူတို့အလုပ်သမားများစွာ ဘဝပျက်ရတာ ဒီအာဏာရှင်တွေကြောင့်ဆိုတာ ကိုစိန်ဝင်း ကောင်းကောင်းသိတယ်။ ပြီးတော့ ဒီကောင်တွေ မပြုတ်မချင်း ပြည်သူအားလုံးရဲ့ဘဝတွေ ပျက်ကိန်းဆိုက်နေမယ်ဆိုတာလည်း ကောင်းကောင်းသိခဲ့လေတော့ သူ သေနတ်မကိုင်နိုင်ပေမဲ့ ထောက်ပို့ရဲဘော်အဖြစ်နဲ့ တနိုင်ဝင်ထမ်းလို့ကူ။

သူ ရွာပြန်ရောက်ပြီး ၂ လကျော်မှာပဲ ရွှေဘိုက သူတို့ရွာထဲ စစ်သားတွေ လက်နက်ကြီးနဲ့ပစ်ပြီး ဝင်လို့ ထွက်ပြေးရ။ ရွာထဲဝင်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေက တွေ့တဲ့အိမ် ဝင်လုယက်ကြတာဆိုတော့ ကိုစိန်ဝင်းတို့ အိမ်ဆိုင်ခပ်ကြီးကြီးက ဘယ်လွတ်ပါ့မလဲ။ ဘာတခုမှ မကျန်အောင် တစစီ။

“ပြေးနေရတဲ့ကာလမှာပဲ တခြားရွာမှာ အမေသေတယ်။ ရွာပြန်ရောက်တော့ ကိုယ့်ဆိုင်ကပစ္စည်းတွေ အကုန် ပြန်ရောင်းစားလို့မရအောင် လုပ်သွားတာ။ သူတို့လိုချင်တာ ယူရုံတင်မကဘူး၊ သူတို့ မယူတာပါ ဖျက်ဆီးသွားတာ။ အမေ့လက်ဝတ်လက်စားတွေ ကျန်တယ်။ အိမ်ကျန်တယ်။ ယာကျန်တယ်။ ငွေလေးဘာလေး ကျန်တယ်။ အကြွေးယူထားတဲ့ လူတွေကိုတော့ တော်လှန်ရေးပြီး အဆင်ပြေတဲ့အခါမှ ပြန်ဆပ်ပါလို့ ပြောလိုက်တယ်။ ကိုယ်က စားဖို့ရှိသေးတယ်။ မရှိတဲ့လူတွေ အများကြီး ဒုက္ခရောက်နေကြတာ” လို့ သူကဆိုတယ်။

ပြေးရင်းလွှားရင်း ယာစိုက်ရတာဆိုတော့ အရင်လို မဖြစ်ထွန်းဘူးဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် စားဖို့ရှိသေးတယ်လို့ ဖြေရ။ ရောင်းစရာမရှိတော့တဲ့ဆိုင်ကို အရင်းအနှီးထပ်စိုက်ပြီး ဖွင့်လို့ရပေမဲ့ နောက်တကြိမ် စစ်တပ် ထပ်ဝင်ရင် ထပ်ကုန်ဦးမှာမို့ ရပ်ထားလိုက်တော့တယ်။ အလုပ်မရှိတော့ ရွာထဲမှာ လတ်လျားလတ်လျား၊ ညစ်လာတော့ ရှက်ကီလေးကစ်လို့ ဒီခေတ်ကြီးကို နာနာကျင်ကျင် ငေးလိုက်နဲ့ နိုင်ငံရေးက သူ့အိမ်တံခါးတင်မက သူ့နှလုံးသားကိုပါ လာခေါက်နေပြီဆိုတော့ ရှက်မိတဲ့တရက်မှာ PDF ရဲဘော်အဖြစ် လုံးလုံးလျားလျားခံယူကာ သေနတ်ကိုင်လိုက်တယ်။

“စခတွေသတ်သမျှ လည်စင်းပြီး အသေခံမလား။ ရရာလက်နက်စွဲကိုင်ပြီး ဒီကောင်တွေကို အနိုင်တိုက်မလားလို့ ဒီခေတ်က ကျနော်တို့လူငယ်တွေကို မေးခွန်းထုတ်လိုက်တဲ့အချိန်မှာ အနိုင်တိုက်မယ့်လမ်းကို ကျနော်တို့ ရွေးချယ်လိုက်တာ” လို့ PDF ရဲဘော် ကိုစိန်ဝင်းက ပြောပြတယ်။

“ကျနော်တို့ ဒေသက လူငယ်တွေအတွက် ရွေးစရာ ဒီတလမ်းပဲရှိတယ်။ ကျနော်တို့ နိုင်အောင်တိုက်မယ်” တဲ့။

တော်လှန်ရေးက ကိုစိန်ဝင်း ရင်ဘတ်တခုလုံးကို ခါယမ်းပစ်ခဲ့တယ်။

လင်းခေတ်

3 months Ago

September 24, 2022

မိတ်ဆွေကို ရန်သူဖြစ်အောင် မလုပ်နဲ့

(၁)

ကျနော့်မှာ CDMဝန်ထမ်းမိတ်ဆွေတချို့ရှိတယ်။ သူတို့အားလုံးဟာ သာမန်ပြည်သူတွေဖြစ်တာ ကြောင့် နိုင်ငံရေးကို ပရော်ဖယ်ရှင်နယ်ဆန်ဆန် သိသူတွေမဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့ CDM လုပ်ရခြင်း ရည်ရွယ်ချက်ကလည်း သိပ်ကိုရိုးရှင်းကြတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အရေးနိမ့်ပြီး သူတို့ရိုးရိုးသားသားနည်းနဲ့ အာဏာရဖို့ရာ မဖြစ်နိုင်တော့တာကြောင့် မတရားအာဏာသိမ်းလိုက်တာကို မခံမရပ်နိုင်လို့ CDM လုပ်ကြသူတွေ ဖြစ်တယ်။ ပြောရရင် မတရားအာဏာသိမ်းထားတဲ့ကောင်တွေရဲ့ အောက် အလုပ်ဆက်မလုပ်နိုင်ဘူးဆိုတဲ့ စိတ်။

ပြီးတော့ သူတို့အားလုံးဟာ CDM ဘဝကို ရွေးချယ်လိုက်ရင်ပဲသူတို့ရင်ဆိုင်ရမယ့် လောကဓံကိုလည်း ဆဝါးမိခဲ့ကြတယ်။ ဝန်ထမ်းအိမ်ရာကနေ မောင်းချခံရမယ်။ ရနေကျလစာတစ်ပြားမှရ တော့မှာမဟုတ်တဲ့အပြင် ကံဆိုးခဲ့ရင် အဖမ်းခံ ထောင်ကျမယ်ဆိုတာအထိ သူတို့သိရှိပြီးမှ CDMလမ်းကို ရဲရဲဝံ့ဝံ့လျှောက်ခဲ့ ကြခြင်းဖြစ်တယ်။ ပြီးတော့တော်လှန်ရေးအင်အားစုတွေဆီကနေ ထိထိရောက်ရောက်အကူ အညီရရှိလိမ့်မယ်လို့လည်း သူတို့ မထင်ထားခဲ့ကြတာခြင်း တူကြတယ်။အဲ ဒါကြောင့် CDM ဝန်ထမ်းတွေကို အင်မတန်ခမ်းနားလွန်းတဲ့ တော်လှန်သူတွေလို ကျနော် အလေးအနက်ပြုခဲ့တယ်။

ကျနော့်မိတ်ဆွေတစ်ဦးဆိုရင် အသက် ၅၀ နားအရွယ် အောက်ခြေဝန်ထမ်း အမျိုးသမီးတစ်ဦး။ သူရောသူ့တူမပါ အာဏာသိမ်းပြီး နောက်ရက်ကတည်းက သူတို့အလုပ်ဌာနကို လုံးဝခြေဦးမ လှည့်တော့တဲ့သူတွေ။ အလုပ်ဆင်းဖို့၊ ညှိနှိုင်းဖို့စသဖြင့် သူတို့ဌာနက စာပေးပို့ခဲ့တာ ၃ ကြိမ်။ သူတို့ဌာနက CDM ဝန်ထမ်းအားလုံး လုံးဝ မသွား။ ဖေဖေါ်ဝါရီလကတည်းကပင် လစာမရတော့။ ၂၀၂၁ ဧပြီမှာတော့ သူတို့ဌာနက ပေးထားတဲ့ လိုင်းခန်းကနေ နှင်ထုတ်ခံရလို့ ဘုံပျောက်ကြရတယ်။

“ဆန္ဒပြပွဲတွေကာလတုန်းက ကျွန်မတို့မြို့နယ်က NLDအမတ်တွေက CDM တွေကို ထောက်ပံ့တဲ့ ဆန် နှစ်ကြိမ်ရခဲ့ဖူးတယ်”တဲ့။

အဲဒီဆန် နှစ်ကြိမ်ထောက်ပံ့မှုကလွဲ ဒီနေ့ထိတိုင် တခြားဘာမှမရခဲ့။ အင်မတန်နွမ်းပါးတဲ့ ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ ဈေးပေါပေါနဲ့ ဖြစ်သလိုအိမ်ဌားဘဝ၊ ဖြစ်သလို မိသားစုရပ်တည်ကြရ။ ဘယ်ကနေမှ ပိုက်ဆံရ ပေါက်ရလမ်းမရှိတာသေချာပြီး စားဖို့ ဆန်မရှိတဲ့နေ့တွေမှာ အပေါင်ဆိုင်သွား ထမီပြေးပေါင်ရ။

“ကျမနောင်တလည်းမရဘူး။ ဘာအထောက်အပံ့မှလည်းမမျှော်ကိုးဘူး။ ကျမတို့ တော်လှန်ရေး အောင်တဲ့နေ့မှာ ရုံးကိုရင်ကော့ပြီး ပြန်သွားချင်စိတ်တော့ရှိတယ်” တဲ့။

နောက်တစ်ယောက်က တက္ကသိုလ်ဆရာ။ အစောဆုံး CDM ဝန်ထမ်းဘဝကို ရွေးချယ်ခဲ့ပြီးနောက် လစာလည်းပျောက် ဘုံလည်းပျောက်ဘဝ။ CDMဝန်ထမ်းဘဝမှာ အဖမ်းမခံရဖို့အရေး အိမ် ၁၀ ကြိမ်ပြောင်းခဲ့ရတယ်ဆိုတာသူတို့ မိသားစုဘဝ စိတ်ရောကိုယ်ပါ ဘယ်လောက်ပင်ပန်းကြလေမလဲ။

အခု နယ်မြို့လေးတစ်နေရာမှာ ဖြစ်သလို။ ၁၃နှစ်သား အကြီးဆုံးသားက မိသားစုဝမ်းရေး ပါးစပ်တစ် ပေါက်လျော့လည်း မနည်းဘူးဆိုတဲ့အသိနဲ့ သူ့ဘာသာ ကိုရင်သွားဝတ်နေ။ ကျန်ကလေး ၂ ဦးရဲ့ ပညာရေးက အွန်လိုင်းကသင်ပေးနေတဲ့ ပြည်သူ့ပညာရေးကျောင်းတွေရှိပေမဲ့ တစ်အိမ်လုံးပေါင်းမှ ကီးပက်ဖုန်းအစုတ်လေး တစ်လုံးသာရှိတာမို့ အွန်လိုင်းပညာရေးကို မလိုက်နိုင်။ နေ့စဉ်နဲ့အမျှ မိသားစုထမင်းမငတ်ရေးအတွက် စိတ်ရောကိုယ်ပါ လုံ့လစိုက်နေကြရပေမဲ့ CDM ဘဝကို နောင် တမရ။

“အထောက်အပံ့တွေ ရမယ်ထင်ပြီး ဒီလမ်းကိုရွေးခဲ့တာမဟုတ်ဘူး။ အဲဒီအတွက် ဘာမှမရလည်း ဘာမှ မဖြစ်ဘူး။တော်လှန်ရေး အောင်မြေမနင်းမချင်း ကြံ့ကြံ့ခံမယ်”တဲ့။

(၂)

တလောက ညှိုးငယ်နေတဲ့ သူငယ်ချင်းဆရာမတစ်ယောက်နဲ့ လမ်းမှာတွေ့တယ်။ သူက Non CDM ဆရာမ။ ကိုယ်က မတွေ့တာနည်းနည်းကြာပြီမို့ အားရဝမ်းသာနှုတ်ဆက်လိုက်ပေမဲ့ သူကတော့ ညှိုးငယ်စွာ။ ‘ငါ့ကို ခွင့်လွှတ်ပါဟာ။ ငါဘယ်လိုမှ မတတ်နိုင်လို့ CDM မလုပ်ခဲ့တာပါ။ ငါတစ်ရက်မှ မပျော်ပါဘူး’တဲ့။တကယ့်ကို ဝမ်းနည်းပက်လက်နဲ့။

သူကကျောင်းဆရာမအပျိုကြီး။ ၇၀ ကျော်အရွယ်အမေနဲ့ နှစ်ယောက်တည်းဘဝ။ ဖမ်းဆီးခံရမှာ ကြောက်လို့ CDM မလုပ်ခဲ့သလို ဒီအမေအိုကြီးနဲ့ ပြေးစရာမြေမရှိ။ တခြားအသက်မွေးဝမ်းကျောင်းတစ်ခုခုနဲ့ ရပ်တည်ဖို့ရာမဝံ့။ နယ်မြို့လေးတွေဆိုတာက အကြောင်းသိတွေချည်းမို့ CDM လုပ်လိုက်ပြီး ကိုယ့်အိမ်မှာကိုယ် အတည်ပေါက်ထိုင်နေရင် ကျိန်းသေပေါက် အဖမ်းခံရမှာသေချာ။ အဲဒီလိုအကြောင်းကြောင်းတွေကြောင့် CDM လမ်းကို သူမလှမ်းခဲ့ပေမဲ့ သိပ်သေချာတာတစ်ချက်က သူသည်လည်း ပြည်သူတစ်ဦးအနေနဲ့ အကြမ်းဖက်စစ် အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့ ယုတ်မာပက်စက်နေတာတွေကို လုံးဝလက်မခံ။

“ငါအခုကျောင်းသွားရင် ရှက်လွန်းလို့ အဖြူအစိမ်းဝတ်ပြီး မသွားရဲဘူး။ ကျောင်းရောက်မှပဲ အဖြူအ စိမ်းလဲဝတ်တယ်”တဲ့။ သူတို့နယ်မြို့လေးက တိတ်တိတ်ဆိတ်ဆိတ်လေးမို့ အဖြူအစိမ်းဝတ် ကျောင်းသွားလည်း ပြဿနာမရှိပေမဲ့ သူ့အရှက် သူ့သိမ်ငယ်စိတ်ကြောင့် အဲဒီလို။

“ငါ့တပည့်ဟောင်းတွေနဲ့ လမ်းမှာဆုံရင်ငါ CDM မလုပ်မှန်းသိလို့  ငါ့ကို မနှုတ်ဆက်ကြတော့ဘူး။ ဈေးသွားရင် တချို့က CDM လားလို့မေးရင် ငါ့မှာဖြေစရာစကားမရှိဘူး။ ကိုယ့်ဘဝပေးအရရော ကြောက်တာ ကြောင့်ရော၊ မစွန့်စားရဲတာရောပေါ့။ အရမ်းသိမ်ငယ်ရတယ်”တဲ့။

သူ့လို အကြောင်းကြောင်းကြောင့် သိမ်ငယ်စွာနဲ့ ဝန်ထမ်းဆက်လုပ်နေသူတွေ မနည်း။ ပစ်သံခတ်သံ တွေ ခပ်စိပ်စိပ်ကြားနေရတဲ့ ဒေသတွေက Non CDM တွေဆို သိမ်ငယ်စိတ်တင်မက တထိတ်ထိတ်စိတ်ကိုလည်း ငြှိမ်းလို့မရ။ သူတို့ဟာ Non CDM တွေဆိုပေမဲ့ လက်နက်ကိုင်ဌာနတွေနဲ့မသက်ဆိုင်တဲ့ သာမန်ဌာနဝန်ထမ်းတွေ။ ပြည်သူကိုဒုက္ခမပေး၊ စစ်တပ်နဲ့မပတ်သက်။ တော်လှန်ရေးကို အထောက်အကူမပြုသည့်တိုင် တော် လှန်ရေးအကျိူးယုတ်စေတဲ့ အပြုအမူမျိုးမရှိ။ ပြီးတော့ စစ်အုပ်စုကို လက်ခံခြင်းမရှိ။

တချို့အတင့်ရဲတဲ့ Non CDM တွေကျတော့  သူတို့လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ စစ်အုပ်စုသတင်းတွေကို ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံ ပေးပို့နေသူတွေ။ ဒီနေ့ခေတ်အသုံးအနှုန်းအရဆို ဖရဲသီးဆိုတဲ့ သူတွေ။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ ဌာနဆိုင်ရာအစုံထိ သူတို့သိထားသမျှ တော်လှန်ရေးအတွက် အရေးပါတဲ့သတင်းတွေကို ပေးပို့နေကြသူတွေ မနည်းလှ။ သူတို့ပေးပို့တဲ့သတင်းတွေက တော်လှန်ရေးအတွက် တန်ဖိုးရှိတာမို့ အရည်ရွှမ်းပြီး ချိုမြနေတဲ့ နီနီရဲရဲ ဖရဲသီးတွေလို့ ဆိုရမယ့်ဖရဲသီးတွေ။ တလောက ၂၀၂၂ ပထမ ၄ လ ပတ် အစည်းအဝေးမှာ မင်းအောင်လှိုင်ပြောခဲ့တဲ့စကား ထိပ်တန်းလျိူ့ဝှက်ချက်စာဖိုင် ပြည်သူ့ပန်းတိုင်အဖွဲ့က ရရှိလိုက် တာဟာ သိပ်ကိုချိုမြနေတဲ့ နီနီရဲရဲ ဖရဲသီးတွေရဲ့ ပေးပို့ချက်ဆိုတာ အသေအချာ။

အဲဒီလို ဖရဲသီး Non CDM တွေက တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်သူတွေမို့ Non CDM ဘဝနဲ့ မရှိမဖြစ်ဆက်ရှိနေရမယ့်သူတွေဆိုပေမဲ့ သူတို့ရပ်တည်ရတာက တကယ့်ကိုမချောင်။ စစ်အုပ်စုက သိရင် အသက်ပေးရနိုင်တာမို့ ရာနှုန်းပြည့်လျှို့လျှို့ဝှက်ဝှက်။ လိုအပ်လာရင် စစ်အုပ်စုလိုလားသူ ဒေါင်ဒေါင်မြည်တစ်ဦးလို သရုပ်ဆောင်တတ်ရ။ တော်လှန်ရေးအင်အားစုဘက်က အထင်မှားချင်စရာမို့ ဟိုဘက်ဒီဘက် နှစ်ဖက်စလုံး ကို သတိထားနေရတဲ့ အလုပ်မျိုး။

တချို့ Non CDM တွေကတော့ စစ်အုပ်စုဘက်ရပ်တည်ကာ သူတို့အကျိုးစီးပွားရှာရုံတင်မက ပြည်သူကိုပါ ဒုက္ခပေးကြတယ်။ CDM တွေကို ဒုက္ခပေးကြတဲ့ Non CDM တွေရှိတယ်။ မသိချင်ယောင်ဆောင်လို့ရရဲ့သားနဲ့ CDM တွေကို ကိုဗစ်ချေးငွေလိုဟာမျိုး မရမက ဖိအားပေးဆပ်ခိုင်းတာတွေရှိတယ်။ စစ်တပ်နဲ့ပေါင်း၊ သတင်းပေးလုပ် အကျိုးစီးပွားရှာ။ တချို့အုပ်ချုပ်ရေးမှူးတွေဆို စစ်တပ်နဲ့ပေါင်းပြီး တော်လှန်ရေးအင်အားစု ဖြိုခွင်းရေးမှာ သိပ်တက်ကြွကြ။ တချို့ဆို အုပ်ကြီးလည်းသူ၊ ပျူစောထီးလည်းသူအဖြစ် ထောင်ထောင်လွှားလွှား။

(၃)

အခုတလော Non CDM တွေ အလင်းဝင်ကြဖို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ခံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တချို့က ကြေညာချက်ထုတ်ပြန်လာတာကို တွေ့ရတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ CDM တွေကို အနှောက်အယှက်ပေးခြိမ်းခြောက်သူတွေနဲ့ စစ်အုပ်စုကိုအထောက်အပံ့ပြုနေတဲ့ လက်ကိုင်တုတ် Non CDM တွေကို ပြင်းထန်စွာ အရေးယူမယ်လို့ဆိုတယ်။ အဲဒါက ဖြစ်သင့်ဖြစ် ထိုက်တဲ့အရေးယူမှုဖြစ်ပြီး လက်ရှိမှာလည်း တော်လှန်ရေးအင်အားစုတွေက ရှင်းလင်းနေတာတွေ့ရတယ်။

ဒါပေမဲ့ Non CDM တွေချွင်းချက်မရှိ အလင်းဝင်ဖို့ ဆိုတာကျတော့ မေးခွန်းထုတ်ချင်စရာ။ စစ်အုပ်စု လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲတို့ဟာ  ချွင်းချက်မရှိ အလင်းဝင်ဖို့ လိုအပ်ပေမဲ့ အဓိက ပြဿနာကြီးမဟုတ်တဲ့ တခြားသာမန်ဝန်ထမ်းတွေကို CDM လုပ်ကိုလုပ်ရမယ်လို့ ဖိအားပေးခြင်းဟာ သဘာဝကျ၊ မကျစဉ်းစားရမှာပါ။

CDM လုပ်ပါလို့ တောင်းဆိုမယ်ဆိုရင် CDM လုပ်မယ့်ဝန်ထမ်းတွေအတွက် NUGအစိုးရအနေနဲ့ ထိုက်သင့်တဲ့တာဝန်ယူမှုရှိရပါမယ်။ ဥပမာ-စစ်ကိုင်းတိုင်းထဲက လက်ရှိ Non CDM တွေ CDM လုပ်မယ်ဆိုရင်သူတို့ရဲ့ မိသားစုအသက်အန္တရာယ်လုံခြုံရေးကို ဘယ်သူက ဘယ်လို တာဝန်ယူပေးနိုင်မှာလဲ။ ပြီးတော့ မိသားစုလိုက် နေစရာနဲ့စားစရာပြဿနာက တစ်ပတ်၊ ၁၀ရက်မဟုတ်တဲ့အတွက် ဘယ်သူက အတိုင်းအတာ ဘယ်၍ဘယ်မျှ တာဝန်ယူပေးနိုင်မှာလဲ။ 

NUG ဟာ အစိုးရတစ်ရပ်ဖြစ်ခြင်းကြောင့် တခြားCDM တွေလည်း သူတို့ဘာသာ တာဝန်ယူနေကြတာပဲလို့ လက်လွတ်စပယ်ဖြေခွင့်မရှိတာ သေချာပါတယ်။ အဓိကမကျတဲ့ ပဋိပက္ခတွေကို ပေါက်ဆိန်နဲ့ လျှောက်မထွင်းမိဖို့လည်းလိုပါတယ်။ လက်ရှိ Non CDMတွေက စစ်တပ်နဲ့မပေါင်းတာသေချာတဲ့ Non တွေကို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာပုံစံမျိုး နှစ်ဖက်အကျိုးရှိစေမယ့်လမ်းမျိုး ဖောက်နိုင်ဖို့လိုပါမယ်။ Non CDM တွေနဲ့ပတ်သက်ပြီး အကန့်လိုက်စဉ်းစားကာ ရှင်းလင်းခိုင်မာတဲ့ ပေါ်လစီတစ်ရပ်အောက်ခြေအဆင့်ထိ ချထား ပေးဖို့လိုပါမယ်။

ဆရာဒဂုန်တာရာရဲ့ နာမည်ကျော်စကားတစ်ခွန်းရှိပါတယ်။ ‘နိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေဖြစ် အောင်လုပ်တာ’လို့ ဆိုပါတယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင် မလုပ်နိုင်ခဲ့ရင်တောင် မိတ်ဆွေကို ရန်သူဖြစ် အောင် မလုပ်မိဖို့ လိုပါလိမ့်မယ်။

လင်းခေတ်

4 months Ago
More News
Up