လင်းနို့

February 14, 2017

စံချိန်တင် အပူချိန်လွန်ကဲမှုကြောင့် လင်းနို့ကောင်ရေ ၇၀၀ ကျော် တပြိုင်နက်သေဆုံး (ရုပ်သံ)

သြစတြေးလျနိုင်ငံမှာ စံချိန်တင် အပူချိန်လွန်လွန်ကဲကဲ မြင့်တက်လာခဲ့တဲ့အတွက် မြေခွေးဦးခေါင်းနဲ့ လင်းနို့ငှက်ကောင်ရေ ၇၀၀ ကျော် တပြိုင်နက်တည်း သေဆုံးသွားခဲ့ပါတယ်။ ခုသေဆုံးခဲ့ရတဲ့ မြေခွေးဦးခေါင်းနဲ့ လင်းနို့ငှက်တွေဟာ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မျိုးစိတ်ထဲမှာ ပါဝင်ပြီး ကမ္ဘာ့အကြီးဆုံး လင်းနို့မျိုးစိတ် အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ နယူးဆောက်သ်ဝေးပြည်နယ် မြို့တမြို့ဖြစ်တဲ့ ဆင်ဂဲလ်တန်မြို့မှာ အပူချိန် ၄၇ ဒီဂရီဆယ်လ်စီးယပ်စ်ထိ စံချိန်ချိုး မြင့်တက်ခဲ့တာမို့ လင်းနို့တွေဟာ ဓာတ်ကြိုးတွေပေါ်မှာ တွဲလောင်းကျလျက်သား အနေအထားနဲ့ရော လမ်းမမြေပြင်တွေပေါ်မှာပါ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြတာပါ။ “အပူချိန်က အရမ်းမြင့်လာတယ်။ သူတို့(လင်းနို့ငှက်တွေ) အနေနဲ့ ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးလာတဲ့အတွက် ခုလိုဖြစ်ရတာ” လို့ သားရိုင်းတိရစ္ဆာန် ထောက်ပံ့ကူညီရေးအဖွဲ့တခုမှ ဂျာလာပရက်စ်လဲန်းဒ်က ဒေးလီးမေးလ်သတင်းကို ပြောပါတယ်။ ဒီအပူချိန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တည်းက မြင့်တက်လာခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ ၄၇ ဒီဂရီဆယ်လ်စီးယပ်စ်ထိ စံချိန်ချိုး မြင့်တက်လာခဲ့တာပါ။ ပရက်စ်လဲန်းဒ်က “ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဆင်ဂဲလ်တန်ဥယျာဉ်ထဲမှာ လင်းနို့ကောင်ရေ ၂၀၀၀ လောက် ရှိခဲ့တာပါ။ မနေ့က စာရင်းကောက်ယူမှုအရတော့ အသက်ရှင်နေတဲ့ ကောင်ရေ ၆၀၀ လောက်ရှိပြီး ၇၀၀ သေဆုံးခဲ့တယ်။ ကျန်နေတဲ့ငှက်တွေကို ဒီနေရာကနေ ရွှေ့ပြောင်းရမယ်။ မရွှေ့ရင်တော့ သေသွားနိုင်ပါတယ်” လို့ ပြောပါတယ်။
4 years Ago
Up