လင်းပိုင်များအား

January 29, 2017

လင်းပိုင်များအား အမဲလိုက်မှု ရပ်တန့်ပေးရန် ဂျပန်အစိုးရကို ဂစ်တာသမား ဆလက်ရှ် တောင်းဆို

Guns N' Roses ဂီတအဖွဲ့ရဲ့ ဂစ်တာသမား ဆလက်ရှ်က လင်းပိုင်ငါးတွေကို အမဲလိုက်တာ ရပ်တန့်ဖို့ ဂျပန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်း ငါးဖမ်းမြို့ တိုင်းဂျိမှာ နှစ်စဉ် လုပ်နေကျ လင်းပိုင် အမဲလိုက် သတ်ဖြတ်မှုဟာ မနှစ်မြို့ဖွယ် အခြေအနေကို ရောက်နေတယ်လို့လည်း သူက ခေါ်ဝေါ် သုံးနှုန်း လိုက်ပါတယ်။ ပင်လယ်ဆိုင်ရာ စောင့်ရှောက်ရေး ပရဟိတအဖွဲ့ လင်းပိုင်စီမံကိန်းက အရင်အပတ်က ပုလင်းပုံ နှာခေါင်းရှိတဲ့ လင်းပိုင် အကောင် ၂ ရာကျော်ဖမ်းထားပြီး တိုင်းဂျိ ဆိပ်ကမ်းမြို့မှာ လှောင်ထားတယ်လို့ ပြောခဲ့ပါတယ်။ ရေငုပ်သမားတွေက ဘယ်လင်းပိုင်ကို အဏ္ဏဝါ ဥယျာဉ်တွေနဲ့ လင်းပိုင်ပြတိုက်တွေဆီ ရောင်းမလဲဆိုတာ ရွေးချယ်ပြီး ကျန်တဲ့ လင်းပိုင်တွေကို စားဖို့ သတ်ဖြတ်မယ်လို့ လင်းပိုင်စီမံကိန်း အဖွဲ့က ပြောပါတယ်။ ဂျပန်ဟာ တိုင်းဂျိမြို့က လင်းပိုင်တွေကို ဝယ်တာမရပ်ရင် ကမ္ဘာ့ တိရစ္ဆာန်ရုံနဲ့ ငါးပြတိုက် အသင်း အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ရနိုင်ချေကို ရင်ဆိုင် နေရပါတယ်။ နှစ်စဉ်ကျင်းပနေကျ လင်းပိုင် သတ်ပွဲကို ရပ်ဖို့ ဖိအားတွေ တိုးလာနေလို့ တိုင်းဂျိ မြို့က လင်းပိုင်တွေကို အဝယ်ရပ်မယ်လို့ ဂျပန် တိရစ္ဆာန်ရုံနဲ့ ငါးပြတိုက် အသင်းက ၂၀၁၅ ခုနှစ်မှာ ပြောပါတယ်။ ဂျပန်နိုင်ငံ ပြင်ပက လူတွေကလဲ အလားတူ ဖိအားပေးကြဖို့ ဆလက်ရှ်က တိုက်တွန်းပါတယ်။ လင်းပိုင်တွေဟာ မျိုးသုဉ်းပျောက်ကွယ်မယ့် ဘေးကို ရင်ဆိုင်နေရတဲ့ သတ္တဝါ မဟုတ်လို့ နိုင်ငံတကာ သဘောတူညီချက်တွေ အရ လင်းပိုင်တွေကို သတ်တာကို ဂျပန်က တားမြစ်ပိတ်ပင်မှု မလုပ်ပါဘူး။ ငါးပေါက်ပွားမှုကို ကာကွယ်ဖို့ လင်းပိုင်တွေကို သုတ်သင်ဖို့ လိုအပ်တယ်လို့လည်း ဂျပန်အစိုးရက ပြောခဲ့ဖူးပါတယ်။ တိုင်းဂျိမြို့က လင်းပိုင် အမဲလိုက်ပွဲကို ၂၀၀၉ခုနှစ်က ရုပ်သံမှတ်တမ်း ရိုက်ကူး ပြသခဲ့ပြီး ၂၀၁၀ မှာ အကောင်းဆုံး ရုပ်သံမှတ်တမ်း အကယ်ဒမီဆုကို ရခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲဟာ နိုင်ငံတကာ အာရုံစိုက်မှုကို ရခဲ့ပါတယ်။
5 years Ago
Up