လင်ဂတ်၏ ချေပဂိုး ၂ ဂိုးဖြင့် ဘန်လေနှင့် သရေကျသည့် မန်ယူ

December 27, 2017

လင်ဂတ်၏ ချေပဂိုး ၂ ဂိုးဖြင့် ဘန်လေနှင့် သရေကျသည့် မန်ယူ (ရုပ်သံ)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၀၊ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် မန်ယူနဲ့ ဘန်လေတို့ မနေ့ညက ယှဉ်ပြိုင်ရာ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။ မန်ယူဟာ ဒီပွဲမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ အီဘရာဟီမိုဗစ်ခ်ျ၊ လူကာကူနဲ့ ရပ်ရှ်ဖို့ဒ် သုံးယောက်လုံးကို ပွဲစကတည်းက အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ မာတစ်၊ မာတာ၊ ပေါ့ဂ်ဘာ၊ နောက်တန်းမှာ အက်ရှ်လေယန်း၊ ဖီးလ်ဂျုံးစ်၊ ရိုဟိုနဲ့ လုခ်ရှောတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဒီပွဲရဲ့ အဖွင့်ဂိုးကိုတော့ ပွဲအစ ၃ မိနစ်မှာပဲ တိုက်စစ်မှူး ဘန်းစ်က မန်ယူဂိုးဧရိယာထဲက အနီးကပ်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီ့နောက် ၃၆ မိနစ်မှာ ဒီဖောက ဘန်လေအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးမှာ မန်ယူ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အပြတ်အသာစီးရခဲ့ပေမယ့် ဘန်လေဂိုးသမားနဲ့ နောက်တန်းလူတွေ အကောင်းဆုံး ကာကွယ်ဖျက်ထုတ်နိုင်ခဲ့လို့ ဂိုးရရေး ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ မန်ယူက နောက်ခံလူ ရိုဟိုနေရာမှာ မစ်ခီတာယန်း၊ အီဘရာဟီမိုဗစ်ခ်ျနေရာမှာ လင်ဂတ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ မန်ယူအတွက် ချေပဂိုးတွေကိုတော့ လူစားဝင်တိုက်စစ်မှူး လင်ဂတ်တဦးတည်းက ပွဲချိန် ၅၃ မိနစ်နဲ့ ဒုတိယပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲသရေကျတဲ့အတွက် မန်ယူဟာ ရမှတ် ၄၃ မှတ်နဲ့ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နိုင်ပေမယ့် အဆင့် ၃ နေရာက ချဲလ်ဆီး၊ အဆင့် ၄ နေရာက လီဗာပူးတို့နဲ့ အမှတ်ကွာခြားချက် ကျဉ်းမြောင်းလာတဲ့အတွက် ဖိအားပေးခြင်း ခံနေရပါတယ်။ ဘန်လေကတော့ ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၇ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။
4 years Ago
Up