လက်သီးနဲ့အထိုးခံ

November 5, 2020

“နှစ်ပွဲဆက်တိုက် ရှုံးနိမ့်မှုက ဗိုက်ကို လက်သီးနဲ့အထိုးခံလိုက်ရသလိုပါပဲ” - ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက်ရှုံးနိမ့်မှုက ဗိုက်ကို လက်သီး နဲ့ အထိုးခံရတဲ့ ခံစားချက်မျိုးဖြစ်စေတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ မန်ယူနိုက်တက်အသင်းဟာ  နိုဝင်ဘာ ၄ ရက်မှာ ကစားခဲ့တဲ့  အစ္စတန်ဘူလ်အသင်း နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ရလဒ်ကောင်းရရှိဖို့ရုန်းကန်ခဲ့ရပြီး ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။  ဒီပွဲမှာ ယူနိုက်တက်အသင်းဘက်က လုပ်ခဲ့တဲ့အမှား ၂ ခုကြောင့် ၂ ဂိုးပေးလိုက်ရတာဖြစ်ပြီး တိုက်စစ်မှူး မာရှယ်က အသင်းအတွက်  ချေပဂိုး ၁ ဂိုးသွင်းယူပေးခဲ့ပေမဲ့ လိုအပ်နေတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ရရှိခဲ့ခြင်း မရှိပါဘူး။  ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာတင် ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လည်း အခွင့်အရေးတွေ ဖန်တီးဖို့ ရုန်းကန်ခဲ့ရပါတယ်။  ဒီပွဲမတိုင်ခင် သီတင်းပတ်ကုန်ပိုင်းမှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အသင်းဟာ အာဆင်နယ်ကို ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့သေးပါတယ်။  ဆိုးလ်ရှားရဲ့အသင်းဟာ ချန်ပီယံလိဂ်အစပွဲစဉ် ၂ ပွဲမှာ ပီအက်စ်ဂျီနဲ့ လိုက်ပစ်ဇ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး ၆ မှတ်ရခဲ့ပေမဲ့ မနေ့ကရှုံးပွဲကြောင့် အုပ်စုက  နောက်တစ်ဆင့်တက်ဖို့ ပြိုင်ဆိုင်မှု ဟာ ထပ်မံပြင်းထန်လာခဲ့ပြီလည်း ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာလည်း မန်ယူအသင်းဟာ အဆင့် ၁၅ နေရာကိုရောက်ရှိနေပြီး ၆ ပွဲကစားပြီး ချိန်မှာ ၂ ပွဲသာအနိုင်ရကာ ၇ မှတ်သာရရှိထားပါတယ်။  ဒီလိုမျိုးရုန်းကန်နေရတာဟာ ကလပ်အသင်းအတွက်ထိခိုက်မှုဖြစ်ပြီး လာမယ့်အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ အရှုံးရလဒ်တွေကနေ ရုန်းထွက်ရမယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  “ရလဒ်တွေအတွက် စိတ်ပျက်မိပါတယ်။ ကျနော်တို့ အနိုင်ရဖို့နဲ့ အခွင့်အရေးတွေကို ဖန်တီးဖို့ ပြင်ဆင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ စိတ်ခံစားချက်တွေကို ဦးစားပေးလို့မရပါဘူး။ နောက်ဆုံး ၂ ပွဲဆက်တိုက်ရှုံးနိမ့်မှုက ဗိုက်ကိုလက်သီးနဲ့အထိုးခံရသလိုပါပဲ။ ဒါကိုတုံ့ပြန်ဖို့ တစ်ခုတည်းသောနည်းလမ်းက အဲဗာတန်နဲ့ပွဲမှာရလဒ်ကောင်းရရှိဖို့ပဲ ဖြစ်ပါတယ်။ ဒီပွဲဟာ ခက်ခဲမယ်ဆိုတာသိပါတယ်” လို့လည်း ဆိုးလ်ရှားကပြောပါတယ်။  အစ္စတန်ဘူလ်အသင်းနဲ့ပွဲမှာ ဆိုးလ်ရှားဟာ ပွဲထွက်လူစားရင်းကို ၇ ဦးအထိ အပြောင်းအလဲ လုပ်ထားပြီး ပေါ့ဘာကို အရံခုံပို့ကာ ဒင်းဟန်ဒါဆင်ကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။  ဗန်ဒီဘိခ်၊ မာတစ်နဲ့ မာတာတို့ကို ကွင်းလယ်မှာအသုံးပြုခဲ့ပြီး ရက်ဖို့ဒ်၊ ဖာနန်ဒက်စ်နဲ့ မာရှယ်တို့ကို တိုက်စစ်တင်ကစားခဲ့ကာ တွန်ဇန်ဘီကိုလည်း ခံစစ်မှာသုံးခဲ့ပါတယ်။ အပြောင်းအလဲတွေလုပ်ဆောင်ခဲ့ပေမယ့် ဒီအပြောင်းအလဲတွေကြောင့် အသင်းရဲ့ရလဒ် ဆိုးရွားခဲ့တာလို့တော့ မထင်ကြောင်းလည်း ဆိုးလ်ရှားက ထပ်မံပြောဆိုခဲ့ပါတယ်။
1 year Ago
Up