လက်လွှတ်မည်မဟုတ်

January 15, 2020

နောက်ခံလူ ဂျွန်စတုန်းကို လက်လွှတ်မည်မဟုတ်ဟု မန်စီးတီးပြော

နောက်ခံလူ ဂျွန်စတုန်းကို ဘယ်လို ကမ်းလှမ်းမှုမျိုးနဲ့မှ မန်စီးတီးအသင်းဘက်က လက်ခံသွားမှာ မဟုတ်ဘူးလို့ Metro သတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၅ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဂျွန်စတုန်းဟာ ၂၀၁၆ ခုနှစ်မှာ အဲဗာတန်အသင်းကနေ မန်စီးတီးအသင်းကို ပေါင်သန်း ၅၀ နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ စတုန်းကို အာဆင်နယ်အသင်းက အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှား၊ ဒါမှမဟုတ် အပြီးသတ်စာချုပ်နဲ့ ခေါ်ယူလိုနေပြီး မန်စီးတီးဘက်ကတော့ သူတို့ခံစစ်မှူးကို လက်လွတ်ခံသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အသင်းခေါင်းဆောင် ကွန်ပနီ ထွက်ခွာသွားတာ၊ လာပေါ်တီ ကာလရှည် ဒဏ်ရာရရှိနေတာတွေကြောင့် စတုန်းဟာ မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့်ရရှိမယ်လို့ ထင်မှတ်ခဲ့ပေမယ့် သူဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် လိဂ်ပွဲ ၁၀ ပွဲသာ ကစားခွင့် ရရှိခဲ့ပါတယ်။  ဒါကြောင့် သူဟာ လာမယ့် ၂၀၂၀ ဥရောပဖလားပြိုင်ပွဲအတွက် အင်္ဂလန် လက်ရွေးစင်အသင်းမှာ ချန်လှပ်ခံရမှာကို စိုးရိမ်မှုရှိနေပါတယ်။ ဒါဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်းအတွက် သတင်းကောင်း ဖြစ်ပေမယ့် မန်စီးတီးဘက်ကတော့ သူတို့နောက်ခံလူကို အငှားနဲ့တောင် ထွက်ခွာခွင့်မပြုလိုဘူးလို့ သိရပါတယ်။ စတုန်းဟာ လက်ရှိ အာဆင်နယ်နည်းပြ အာတီတာနဲ့ အေးဂျင့်တူသူ ဖြစ်ပြီးတော့ အာတီတာ မန်စီးတီးအသင်းမှာ ရှိနေချိန်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်ကလည်း အားထားရတဲ့ နောက်ခံလူ ချိန်ဘာစ် ဒဏ်ရာရရှိနေတာကြောင့် နောက်ခံလူတဦးကို ရှာဖွေနေတာ ဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် နောက်ခံလူကို အရခေါ်ယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။  မန်စီးတီးအသင်းဘက်ကလည်း ဗဟိုနောက်ခံလူတဦးကို ခေါ်ယူဖို့ စီစဉ်နေပေမယ့် အသင်းနည်းပြ ပက်ဂွါဒီယိုလာကတော့ စတုန်းကို အသင်းမှာ ဆက်ထိန်းသိမ်းထားလိုနေပါတယ်။ မန်စီးတီးအသင်းဟာ ဂယ်ရီမက်ဂွဲယားကို ခေါ်ယူခွင့် ဆုံးရှုံးသွားခဲ့တာဖြစ်ပြီး လာပေါ်တီနဲ့ တွဲဖက်ကစားဖို့ နောက်ခံလူတဦးကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့ သေချာသလောက် ရှိနေပါတယ်။ ဂျွန်စတုန်းဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ခွဲ ကျန်ရှိနေသေးတာဖြစ်ပြီး အာ်တာမန်ဒီအသင်းကနေ ထွက်ခွာသွားဖို့ ရာခိုင်နှုန်းများနေတာကြောင့် လာမယ့်ရာသီတွေမှာ မန်စီးတီးအသင်းအတွက် ပိုမိုပွဲထွက်ခွင့် ရရှိလာလိမ့်မယ်လို့ ယူဆရပါတယ်။
1 year Ago
Up