လက်လုပ်သေနတ်ဖြင့်ပစ်ခတ်

December 29, 2020

သပိတ်ကျင်းမြို့နယ်၌ ခိုက်ရန်ဖြစ်ပွားပြီး လက်လုပ်သေနတ်ဖြင့်ပစ်ခတ်သဖြင့် ရွာသား ၁ ဦးသေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်၊ ခရမ်းစပ်ကုန်းရွာ၊ ကျောက်လျှပ် တောစခန်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ရွာသားအချင်းချင်းစကားများရန်ဖြစ်ရာက လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ တစ်ယောက် သေဆုံးသွားတယ်လို့ နယ်မြေရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ပဲစင်းငုံစိုက်ခင်းပိုင်ရှင် ကိုမိုးသူဟာ သူ့စိုက်ခင်းထဲဝင်ပြီးစားတဲ့ နွားတွေကို ဓားအသုံးပြုကာ မောင်းနှင်ထုတ်ခဲ့ရာမှာ နွားသုံးကောင်မှာ ဓားဒဏ်ရာရသွားပြီး နွားတစ်ကောင် ပျောက်ဆုံးနေတာကြောင့် နွားပိုင်ရှင်တွေဟာ သွေးစက်ကျရာ အတိုင်း လိုက်ခဲ့ရာက ပဲစင်းငုံ စိုက်ခင်းပိုင်ရှင်ထံ ရောက်ရှိလာပြီး စကားအခြေအတင်များ ရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီလို စကားများရာက ကိုမိုးသူက တုတ်နဲ့ ရိုက်တာကြောင့် နွားရှင်တွေဖြစ်တဲ့ နန်းလင်းအောင်နဲ့ အောင်မိုးဦးတို့က လက်လုပ်သေနတ်နဲ့ ပြန်လည်ပစ်ခတ်ကာ ဓားနဲ့ပါခုတ်တာကြောင့် ‌ကိုမိုးသူ သေဆုံးခဲ့ရတယ်လို့ တိုက်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကြာညှပ်တိုက်နယ် ရဲကင်း စခန်းမှူး အောင်မျိုးသူ က"တစ်ယောက်တစ်ခွန်း စကားများ ကြရင်းနဲ့ သေဆုံးသူကနေ စပြီးတော့ တုတ်နဲ့ ရိုက်တယ်လို့ ပြောတယ်။ တရားခံထဲက တစ်ယောက်ကို သေဆုံးသူက တုတ်နဲ့ရိုက်တယ်၊ လက်လုပ်သေနတ်ပါလာတဲ့ တစ်ယောက်ကို၊ တုတ်နဲ့ရိုက်တဲ့အခါကျတော့ သူကလဲကျသွားတယ်၊ အဲ့ကောင်က လဲကျတဲ့အချိန် တစ်ယောက်ထဲ ကိုပဲ မဲပြီးတော့ရိုက်တဲ့အချိန်မှာ တစ်ယောက်က ပါလာတဲ့ သေနတ်နဲ့ ပစ်ထည့်လိုက်တော့ သေဆုံးသူက လဲကျသွားတယ်။ လဲကျသွားတဲ့အချိန်မှာ ဟိုကောင်က ဓားနဲ့ထပ်ခုတ်တာ၊ အရိုက်ခံရ တဲ့ကောင်က ဓားနဲ့ ထပ်ခုတ်တာ"လို့ ပြောပါတယ်။ ပြစ်မှုကျူးလွန်သူ လေးဦးရှိပြီး လက်လုပ်သေနတ် နှစ်လက်၊ ဓားတစ်ချောင်း အပါအဝင် လက်လုပ်သေနတ်နဲ့ ပစ်ခတ်တဲ့ နန်းလင်းအောင်နဲ့ ဓားနဲ့ခုတ်တဲ့ အောင်မိုးဦးတို့ကို  ဒီဇင်ဘာ ၂၆ ရက် မနက် တစ်နာရီလောက်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ သူတို့နဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့သူ နှစ်ဦးက ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ရှာဖွေနေတယ်လို့ သိရပါတယ်။ ဖမ်းမိထားတဲ့ နန်းလင်းအောင်နဲ့ အောင်မိုးဦးတို့ကို ပုဒ်မ ၃၀၂၊ ၁၁၄၊ ၁၉(စ) တို့နဲ့ အမှုဖွင့်လှစ်ထားပြီး ကျန်နှစ်ဦးကိုလည်း ပုဒ်မ ၃၀၂၊ ၁၁၄ တို့နဲ့ အမှု ဖွင့်လှစ်ထားတယ်လို့ ကြာညှပ် ရဲကင်းကနေ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း  
10 months Ago
Up