လက်မှတ်ရေးထိုး

October 15, 2022

ကန့်ကွက်နေသည့်ကြားမှ စစ်ကောင်စီနှင့် ထပ်တွေ့ရန် မွန်ပြည်သစ်ပါတီ သဘောတူ လက်မှတ် ရေးထိုး

မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်အများစု တားမြစ်ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီနဲ့ နောင်ဆက်လက် တွေ့ဆုံဆွေးနွေးသွားဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ စစ်ခေါင်းဆောင် အပါအဝင် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။

မွန်ပြည်သစ်ပါတီကတော့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရနိုင်ဖို့ မြန်မာ့တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုကြောင်း အကြုံပြုခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်သလို အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်စေလိုကြောင်း အကြံပြုတိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်း ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးမှု ဆက်လက်မဖြစ်ပေါ်စေဖို့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း အကြံပြုခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးစဉ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်းနဲ့ ဇယား (၂) တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်း၊ (၉) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ စတဲ့အချက်တွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အဲဒီဆွေးနွေးချက်တွေထဲမှာ မွန်ပြည်သစ်ပါတီက မရှင်းလင်းတာတွေကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ပါတီတွင်း အသေးစိတ် ဆွေးနွေးပြင်ဆင်ဖို့ လိုအပ်နေတဲ့အတွက် နောင်ဆက်လက်တွေ့ဆုံဆွေးနွေးသွားဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်အများစု တားမြစ်ကန့်ကွက်နေတဲ့ကြား စစ်ကောင်စီနဲ့ ထပ်မံ တွေ့ဆုံဖို့ သဘောတူ လက်မှတ်ရေးထိုးမှုနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေး အပါအဝင် ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်တို့ကို DVB က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

4 months Ago

November 10, 2020

စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး အဇာဘိုင်ဂျန်နှင့် ရုရှားခေါင်းဆောင်များ လက်မှတ်ရေးထိုး

နာဂေါ်နို-ခါရာဘတ်ဒေသက စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး အဇာဘိုင်ဂျန်နဲ့ ရုရှား ခေါင်းဆောင်တွေနဲ့ သဘောတူစာချုပ်ကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ လက်မှတ်ရေးထိုးလိုက်တယ်လို့ အာမေးနီးယား ဝန်ကြီးချုပ် နီကိုးလ် ပါရှင်းယန်က ပြောလိုက်ပါတယ်။ စစ်ရေးနယ်ပယ်က အကောင်းဆုံးပညာရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးအပြီး တိုက်ပွဲ အခြေအနေကို နက်နက်ရှိုင်းရှိုင်း သုံးသပ်အပြီးမှာ ဆုံးဖြတ်လိုက်တာလို့ သူက လူမှုကွန်ရက် မီဒီယာပေါ်ကနေ ပြောပါတယ်။ “ဒါဟာ အောင်ပွဲ မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ရှုံးတယ်လို့ မသတ်မှတ်ရင် အရှုံးမဟုတ်ဘူး။ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ နှိမ်နင်းခံရတယ်လို့ မစဉ်းစားဘူး။ ဒါဟာ နိုင်ငံသွေးစည်းမှုနဲ့ ပြန်လည်မွေးဖွားမှု ခေတ်သစ်ရဲ့အစ ဖြစ်လာသင့်တယ်။” ရုရှားအစိုးရ ပြောခွင့်ရက ဒီသတင်းကို အတည်ပြုတယ်လို့ ရုရှားသတင်းဌာနတွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ အစီရင်ခံနေကြပါတယ်။  ရုရှားသမ္မတ ပူတင်ကလည်း ဒီသတင်းကို အတည်ပြုပေမဲ့ အဇာဘိုင်ဂျန် အစိုးရဘက်က ချက်ချင်း တရားဝင်တုံ့ပြန်မှု မရှိသေးပါဘူး။ အချိန် ၁ လကျော်ကြာပြီး လူထောင်ချီ သေဆုံးတဲ့ စစ်ပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ဖို့ သဘောတူခဲ့တယ်လို့ နာဂေါ်နို-ခါရာဘတ်ဒေသ ခေါင်းဆောင်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။ အဇာဘိုင်ဂျန် တပ်တွေရဲ့ အကြီးအကျယ် တိုက်ခိုက်မှုနဲ့ ထိုးစစ်ကို သီတင်းပတ် ၆ ပတ်ကြာ ရင်ဆိုင်အပြီး ကြေညာချက် ထွက်လာတာပါ။ အဇာဘိုင်ဂျန် အစိုးရက နာဂေါ်နို-ခါရာဘတ်ဒေသထဲက ဗျူဟာမြောက် အချက်အချာကျပြီး ဒုတိယအကြီးဆုံး ဖြစ်တဲ့ ရှုရှမြို့ကို သိမ်းပိုက်ကြောင်း ကြေညာအပြီးမှာ နောက်ထပ် ရပ်ကွက် ဒါဇင်ပေါင်းများစွာကို သိမ်းခဲ့ပြီးပြီလို့ နိုဝင်ဘာ ၉ ရက်က ကြေညာပါတယ်။  အဇာဘိုင်ဂျန် အစိုးရကတော့ ၁၉၉၁-၉၄ စစ်ပွဲအတွင်း ဆုံးရှုံးခဲ့တဲ့ နာဂေါ်နို-ခါရာဘတ် ဒေသ ပတ်လည်က မြေအများအပြားကို စက်တင်ဘာ ၂၇ ကစပြီး ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ အာမေးနီးယား အစိုးရကတော့ အဇာဘိုင်ဂျန်က သိမ်းပိုက်ခဲ့တယ်ဆိုတဲ့ နယ်မြေ ပမာဏကို ငြင်းဆိုခဲ့ပါတယ်။
2 years Ago
More News
Up