လက်ဘော့ကျွန်း

January 17, 2020

ဂရိနိုင်ငံ လက်ဘော့ကျွန်းကို ရွှေ့ပြောင်းလာသူ ၁၀၀ ကျော် ရောက်ရှိ

ဂရိအစိုးရက ရွှေ့ပြောင်းလာသူတွေပြဿနာကို ဖြေရှင်းဖို့ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ဝန်ကြီးဌာနကို ဖွဲ့စည်းပြီးနောက်မှာ ဇန်နဝါရီ ၁၆ ရက်က လက်ဘော့ကျွန်းကို ရွှေ့ပြောင်းလာသူ အယောက် ၁၀၀ ကျော် ရောက်ရှိလာခဲ့ပါတယ်။  ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂရိနိုင်ငံကို ရေကြောင်းကနေ ရွှေ့ပြောင်းလာသူ ၂၅၅ ယောက်ရောက်လာခဲ့ပြီး လက်ဘော့ကျွန်းတခုတည်းတင် ၁၇၃ ယောက်ရှိတယ်လို့  ဂရိကမ်းခြေစောင့် အရာရှိတွေက ပြောပါတယ်။  ရောက်လာကြသူ အတော်များများမှာ ကလေးတွေပါလာကြပြီး သူတို့ဟာ ကမ်းခြေကနေ အနီးဆုံးရွာကို ရောက်ဖို့ တစ်ကီလိုမီတာကျော် ခြေလျင်လာခဲ့ပါတယ်။   အဲဒီရွာကို ကုလဒုက္ခသည်များအေဂျင်စီ UNHCR က လာရောက်ပြိး ရွှေ့ပြောင်းလာသူတွေကို ဘတ်စ်ကားတွေနဲ့ စခန်းတွေဆီ ခေါ်သွားခဲ့ပါတယ်။  ဂရိအစိုးရဟာ  ရွှေ့ပြောင်းလာသူတွေ ထပ်မံရောက်လာတာ၊ စခန်းတွေမှာ လူအဆမတန် များပြားတာနဲ့ စခန်းတွေရှိရာ နေရာတွေမှာ ဒေသခံ ဆန္ဒပြတာတွေကို ရင်ဆိုင်နေရပါတယ်။  ဒါကြောင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ မူဝါဒတွေ အကောင်ထည်ဖော်ရာမှာ ပိုမိုကောင်းမွန်စေဖို့ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ဝန်ကြီးဌာနသစ်ကို ဖွဲ့စည်းခဲ့တာပါ။  ကုလသမဂ္ဂအဆိုအရ ဂရိနိုင်ငံမှာ လောလောဆယ် ရွှေ့ပြောင်းသွားလာသူနဲ့ ဒုက္ခသည် ၁ သိန်းကျော်ရှိပြီး အဲဒီထဲက လေးသောင်းနီးပါးဟာ အေဂျီယန်ပင်လယ်တွင်းက ကျွန်းတွေပေါ်မှာ နေထိုင်ကြပါတယ်။ 
1 year Ago
Up