လက်ဘနွန်နိုင်ငံ

March 8, 2020

ကြွေးမြီများ မဆပ်နိုင်ဟု လက်ဘနွန်ကြေညာ

ဘဏ္ဍာရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ လက်ဘနွန်နိုင်ငံဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားကြွေးမြီတွေကို ပေးဆပ်နိုင်တော့မှာမဟုတ်ဘူးလို့ မတ်လ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။  ဝန်ကြီးချုပ် ဟတ်ဆန်ဒီယတ်က လက်ဘနွန်ဟာ ဒီတနင်္လာနေ့မှာ ပေးရမယ့်ငွေချေးစာချုပ်အကြွေး ဒေါ်လာ ၁ ဒဿမ ၂ ဘီလျံကို ပေးနိုင်တော့မှာမဟုတ်ကြောင်း ပြောခဲ့တာပါ။  “ဒီအကြွေးက လက်ဘနွန်က တတ်နိုင်တာထက် ပိုကြီးနေပါတယ်။ လက်ဘနွန်က ပေးဆပ်နိုင်တဲ့ အတိုးနှုန်းထက်လည်း ပိုကြီးနေတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။  လက်ဘနွန်နိုင်ငံဟာ လက်ဘနွန်ပေါင်ငွေ တန်ဖိုးကျဆင်းနေမှုကို ရင်ဆိုင်နေရပြီး အမေရိကန်ဒေါ်လာနဲ့ယှဉ်ရင် လပေါင်းများစွာ ငွေတန်ဖိုးကျနေခဲ့ပါတယ်။  ဆယ်စုနှစ်နဲ့ ချီပြီး အဆိုးဆုံး စီးပွားရေးအကျပ်အတည်းကိုရင်ဆိုင်နေရတဲ့ လက်ဘနွန်မှာ လူဦးရေရဲ့ ၄၀ ရာခိုင် နှုန်းကျော်ဟာ ဆင်းရဲမွဲတေမှုကို ခံစားရတော့မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ စီးပွားရေးပညာရှင်တွေကတော့ ဘဏ္ဍာရေးကယ်ဆယ်မှု စာချုပ်တရပ်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်အက်ဖ်နဲ့ တွဲဖက်လုပ်ဆောင်ခြင်းကသာ တခုတည်းသော ဖြေရှင်းနည်း ဖြစ်ပြီး  ဒီလိုဖြစ်ဖို့ကလည်း နိုင်ငံမှာ လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ လိုအပ်နေတယ်လို့ ပြောထားကြောင်း ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ 
1 year Ago

January 16, 2020

လက်ဘနွန်ဆန္ဒပြပွဲတွင်  အကြမ်းဖက်မှုဖြစ်ပွား၊ ဂျာနယ်လစ် ၂ ဦးအပါအဝင်  ၄၅ ဦး ဒဏ်ရာရ

လက်ဘနွန်နိုင်ငံက ဇန်နဝါရီ ၁၅ ရက် ဆန္ဒပြပွဲ ဒုတိယညမှာ အကြမ်းဖက်တာတွေ ဆက်ဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နံပါတ်တုတ်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့သုံးကာ ဆန္ဒပြပွဲတွေကို အတင်းအကျပ် လူစုခွဲခဲ့ပါတယ်။  ဒီအကြမ်းဖက်မှုမှာ ၄၅ ယောက် ဒဏ်ရာရပြီး ၃၅ ယောက်ကို ဆေးရုံပို့ခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့က ပြောကြားပါတယ်။  ဒဏ်ရာရသူတွေထဲမှာ ရိုက်တာသတင်းဌာနက ရုပ်သံဂျာနယ်လစ်တဦးနဲ့ လက်ဘနွန် ဂျာနယ်လစ်တွေလည်း  ပါဝင်ခဲ့ပါတယ်။   လက်ဘနွန်အုပ်ချုပ်သူ လူတန်းစားကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝန်း ဆက်တိုက်ပေါ်ပေါက်နေပါတယ်။  ဇန်နဝါရီ ၁၄ ရက်က မြို့တော်ဘေရွတ်က ဟမ်ရာအရပ်မှာ ဆန္ဒပြသူတချို့က ဘဏ်တွေနဲ့ အေတီအမ်စက်တွေကို ဖျက်ဆီးတာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခဲနဲ့ပစ်ပေါက်တာတွေ လုပ်ခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပြန်နှိမ်နှင်းခဲ့ပါတယ်။  အဲဒီမငြိမ်သက်မှုက ဇန်နဝါရီ ၁၅ ရက်မှာလည်း ဆက်ဖြစ်ခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြ သူတွေက ဘေရွတ်ရဲစခန်းအပြင်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မီးရှုးတွေနဲ့ ပစ်ခဲ့ပါတယ်။  ဝန်ကြီးချုပ် ဟာရီရီရာထူးက နှုတ်ထွက်ပြီးကတည်းက လက်ဘနွန်ဟာ စီးပွားရေး ကယ်တင်ရေးအစီအစဉ် ဒါမှမဟုတ်  အစိုးရသစ်ဖွဲ့ရေးကို မလုပ်ဆောင်နိုင်သေးဘူးလို့ ရိုက်တာ သတင်းအရသိရပါတယ်။ 
1 year Ago
More News
Up