လက်ဘနွန်နိုင်ငံက ဇန်နဝါရီ ၁၅ ရက် ဆန္ဒပြပွဲ ဒုတိယညမှာ အကြမ်းဖက်တာတွေ ဆက်ဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နံပါတ်တုတ်တွေနဲ့ မျက်ရည်ယိုဓာတ်ငွေ့သုံးကာ ဆန္ဒပြပွဲတွေကို အတင်းအကျပ် လူစုခွဲခဲ့ပါတယ်။
ဒီအကြမ်းဖက်မှုမှာ ၄၅ ယောက် ဒဏ်ရာရပြီး ၃၅ ယောက်ကို ဆေးရုံပို့ခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့က ပြောကြားပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ရိုက်တာသတင်းဌာနက ရုပ်သံဂျာနယ်လစ်တဦးနဲ့ လက်ဘနွန် ဂျာနယ်လစ်တွေလည်း ပါဝင်ခဲ့ပါတယ်။
လက်ဘနွန်အုပ်ချုပ်သူ လူတန်းစားကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝန်း ဆက်တိုက်ပေါ်ပေါက်နေပါတယ်။
ဇန်နဝါရီ ၁၄ ရက်က မြို့တော်ဘေရွတ်က ဟမ်ရာအရပ်မှာ ဆန္ဒပြသူတချို့က ဘဏ်တွေနဲ့ အေတီအမ်စက်တွေကို ဖျက်ဆီးတာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခဲနဲ့ပစ်ပေါက်တာတွေ လုပ်ခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း မျက်ရည်ယိုဓာတ်ငွေ့နဲ့ ပြန်နှိမ်နှင်းခဲ့ပါတယ်။
အဲဒီမငြိမ်သက်မှုက ဇန်နဝါရီ ၁၅ ရက်မှာလည်း ဆက်ဖြစ်ခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြ သူတွေက ဘေရွတ်ရဲစခန်းအပြင်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မီးရှုးတွေနဲ့ ပစ်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ဟာရီရီရာထူးက နှုတ်ထွက်ပြီးကတည်းက လက်ဘနွန်ဟာ စီးပွားရေး ကယ်တင်ရေးအစီအစဉ် ဒါမှမဟုတ် အစိုးရသစ်ဖွဲ့ရေးကို မလုပ်ဆောင်နိုင်သေးဘူးလို့ ရိုက်တာ သတင်းအရသိရပါတယ်။
1 year Ago