လက်ပံတန်း-သာရဝေါ လော်ကယ်ရထား

July 1, 2020

လက်ပံတန်း-သာရဝေါ လော်ကယ်ရထား ပြန်လည်ပြေးဆွဲ

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ခေတ္တရပ်တန့်ထားတဲ့ လက်ပံတန်း-သာရဝေါ လော်ကယ်ရထားကို ဇူလိုင် ၁ ရက်က ​စပြီး ပြန်လည်ပြေးဆွဲတယ်လို့ မြန်မာ့မီးရထားဌာန၊ လက်ပံတန်းဘူတာရုံ တာဝန်ရှိသူက ပြောပါတယ်။ လက်ပံတန်းဘူတာက အထူးတန်းရုံပိုင်ကြီး ဦးသောင်းလွင်က "ကျနော်တို့ လက်ပံတန်း ဘူတာကနေပြေးဆွဲနေတဲ့ လက်ပံတန်း-သာရဝေါ လော်ကယ်ရထားကို ကိုဗစ်-၁၉  ကူးစက်ရောဂါ ကာလအတွင်းမှာ ခဏရပ်နားထားတာကနေ ဒေသတွင်းကခရီးသည်တွေသွားလာမှု အဆင်ပြေစေဖို့အတွက် ဒီနေ့ ဇူလိုင် ၁ရက်နေ့ကနေစပြီး ပြန်လည်ပြေးဆွဲ ပေးတာပါ။ ခရီးသည်တွေ ကူးစက်ရောဂါ ကာကွယ်ဖို့အတွက်ကတော့ ကျန်းမာရေးဝန်ကြီး​ဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ထိုင်ခုံတွေကို ခြားထားပြီး မထိုင်ရထိုင်ခုံတွေမှာ ကြက်ခြေခတ်တွေ သတ်မှတ်ပေးတာတို့၊ လက်ဆေးဘေစင်တွေ ထားရှိပေးတာတို့၊ ခရီးသည်တွေmask တပ်ဖို့ကို ရထားအတက်အဆင်းတွေမှာ စစ်ဆေးဆောင်ရွက်သလို ရထားဘူတာမှာလည်း လော်စပီကာတွေနဲ့ လိုက်လံသတိပေးတာတို့ကို ဆောင်ရွက်နေပါတယ်" လို့ ပြောပါတယ်။ မြန်မာ့မီးရထားအနေနဲ့ သာရဝေါမြို့ဘက်ကို လက်ပံတန်း-သာရဝေါ လော်ကယ်ရထားနဲ့ ကြည့်မြင်တိုင်-သာရဝေါ လူစီးအမြန်ရထား ၂ စီး ပြေးဆွဲပေးနေတာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကြည့်မြင်တိုင်- သာရဝေါလူစီးအမြန်ရထားကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ပြီး ခေတ္တရပ်နားထားခဲ့ကာ လက်ပံတန်း-သာရဝေါ လော်ကယ် ရထားကိုတော့ ဧပြီလ ၉ရက်နေ့ကစပြီး ခတ္တရပ်နားခဲ့တာဖြစ်ပါတယ်။ သတင်း - ဝဏ္ဏထွန်း
10 months Ago
Up