လက်ပံတန်း

December 25, 2020

လက်ပံတန်းက ရင်ကျပ်လူနာ ဆေးရုံပို့စဉ် သေဆုံး၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့မှာ  ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက  ရင်ကျပ်မောပန်းနေသူတစ်ဦးကို ဆေးရုံကို ပို့ဆောင်စဥ် လမ်းတွင်သေဆုံးသွားတာကြောင့် RDT နဲ့ စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မြို့နယ် ကိုဗစ်အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဇော်ထက်နိုင်က “အသက် ၇၅ နှစ်ရှိတဲ့ နဲနမိတ်လမ်းက လူက နေမကောင်းလို့ ဆေးခန်းကို လာပြတယ်။ မောနေကျပ်နေတာဖြစ်တဲ့အတွက် ဆရာဝန်ကြီးက ဆိုက်ကားပေါ်က မဆင်းခိုင်းဘဲနဲ့ ကျနော်တို့အဖွဲ့ကို အကူအညီတောင်းပြီး ဆေးစစ်ဖို့ ဆေးရုံသံဃာဆောင်ကို သယ်ခိုင်းတာ လမ်းမှာတင်ဆုံးသွားတယ်။” လို့ ပြောပါတယ်။ သေဆုံးသွားသူဟာ မအူကုန်းရပ်ကွက် နဲနမိတ်လမ်းက ဖြစ်ပြီး  သူနဲ့ဆက်စပ်တဲ့ မိသားစု ၄ ယောက်ကို စစ်ဆေးရာမှာလည်း ၃ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနဲနမိတ်လမ်းမှာ မနေ့ကနဲ့ ဒီနေ့မနက်ပေါင်း အခုသေဆုံးလူနာ အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၁၁ ဦးတွေ့ရှိခဲ့တာကြောင့် လမ်းကို lockdown ချလိုက်ပြီလို့ ဆိုပါတယ်။ လက်ပံတန်းမြို့နယ်မှာ  ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄၄၁ ဦးရှိတဲ့အနက် လက်ရှိ ကုသမှုခံယူနေသူ ၃၇ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိပြီလို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထံက သိရှိရပါတယ်။ ဝဏ္ဏထွန်း
4 months Ago

December 9, 2020

ကိုဗစ်-၁၉ ကူးစက်ခံရသူ တွေ့ရှိသဖြင့် လက်ပံတန်း မြို့မဈေးကို ၁၄ ရက်ပိတ် 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က မြို့မဈေးအတွင်း ဈေးရောင်းချသူတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အပြင်ဆိုင်တန်းတွေပါမကျန် ဈေးတစ်ခုလုံးကို ၁၄ ရက် ပိတ်ဖို့ အာဏာပိုင်တွေက အရေးပေါ်အစည်းအဝေးခေါ်ယူ ဆုံးဖြတ်လိုက်ပါတယ်။  လက်ပံတန်းမြို့မှာ ဒီဇင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက မြို့မဈေးအတွင်း ငါးခြောက်ဆိုင်က အမျိုးသားတစ်ဦး နှာစေးပြီး အနံ့မရတာကြောင့် ဆေးရုံကို သွားရောက်ပြသခဲ့ရာ RDT နဲ့ စစ်ဆေးမှုအဖြေအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ အဲဒီရောဂါပိုးတွေ့ရှိသူ အမျိုးသားနဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ မိသားစုဝင်တွေ၊ မြို့မဈေးအတွင်းက ဈေးဆိုင်တွေက လူ ၂၆ ဦးကို ဆေးစစ်မှု ဆက်လက်လုပ်ဆောင်ခဲ့ရာ ရောဂါပိုးရှိသူ ၁၀ ဦး ထပ်မံတွေ့ရှိတယ်လို့ သိရပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေ၊ ကိုဗစ်-၁၉ ​ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်စည်ပင်တာဝန်ရှိသူတွေက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမှာ ဒီဇင်ဘာ ၈ ရက် ည ၇ နာရီမှ စတင်ပြီး  အရေးပေါ်အစည်းအဝေး ပြုလုပ်ရာမှာတော့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက သတင်းယူဖို့ ရောက်ရှိနေတဲ့ သတင်းထောက်ကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီကစတင်ပြီး မြို့မဈေးကို အပြင်ဆိုင်တန်းတွေပါမကျန်  ၁၄ ရက် ပိတ်ဖို့နဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ လက်ပံတန်း မြို့မဈေးကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတားဆီးကာကွယ်ဖို့အတွက် ပိတ်ထားခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့တာ ၁ လကျော်ရှိချိန်မှာ ကိုဗစ်-၁၉ လူနာတွေ့တာကြောင့် ထပ်ပိတ်လိုက်တာ ဖြစ်ပါတယ်။   သတင်း၊ ဓာတ်ပုံ- ဝဏ္ဏထွန်း
4 months Ago
More News
Up