လက်ပစ်ဗုံး

September 26, 2020

မိတ္ထီလာတွင် သရက်ပင်အမြစ်တူးရာမှ လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ဆန် ၇၁ တောင့်တွေ့ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ညောင်ကန်အုပ်စု ညောင်ကန်ရွာမှာ စင်တင်ဘာ ၂၅ ရက်နေ့က ဦးတင်အေးအိမ် ခြံစည်းရိုးရှိ သရက်ပင် ခုတ်လဲပြီး အမြစ်တူးရာက လက်ပစ်ဗုံး ၁ လုံးနဲ့ သေနတ်ကျည်ဆန် ၇၁ တောင့် တွေ့ရှိတယ်လို့ ညောင်ကန်အုပ်စု အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ညောင်ကန်အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ထူးက “မြေအနက် ၁ ပေကျော်ကျော်လောက် တူးလိုက်တော့ လက်ပစ်ဗုံးနဲ့ သေနတ်ကျည်ဆန်တွေ တွေ့တာပါပဲ။ ရဲစခန်းနဲ့ တပ်မတော်က အဖွဲ့တွေလာကြတယ်။ ဘယ်ကာလ ဘယ်ခေတ်က ဆိုတာတော့ ပြောမသွားဘူး။ လူကြီးတွေ ပြောဖူးတာကတော့ ဒုတိယကမ္ဘာစစ်တုန်းက ရွာမှာ လေယာဉ်တွေတောင် ဆင်းခဲ့တယ်တဲ့၊ လက်ပစ်ဗုံးနဲ့သေနတ်ကျည်ဆန်တွေ သံချေးတောင် တက်နေမှတော့ အဲဒီခေတ်ကာလကပဲ ဖြစ်မှာပါ” လို့ ပြောပါတယ်။ အလျား ၄ လက်မ၊ လုံးပတ် ၈ လက်မရှိတဲ့ ၃၆ လက်ပစ်ဗုံး ၁ လုံးနဲ့ ၉-မမ ပစ္စတိုသေနတ်ကျည်ဆန် ၆၅ တောင့်၊ ပွိုင့် ၃၀ သေနတ်ကျည်ဆန် ၅ တောင့် ၅ ဒသမ ၅၆ သေနတ်ကျည်ဆန် ၁ တောင့် စုစုပေါင်း သေနတ်ကျည်ဆံ ၇၁ တောင့် တွေ့ခဲ့တာပါ။ အဲဒီလက်ပစ်ဗုံးနဲ့ သေနတ်ကျည်ဆန်တွေကို အမှတ် ၉၁၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို ကို လွှဲပြောင်းပေးလိုက်ပြီလို့ မိတ္ထီလာအမှတ် ၃ ရဲစခန်းတာဝန်ကျရဲဝန်ထမ်း ၁ ဦးက  ပြောပါတယ်။ သတင်း-မောင်မောင်လင်း
7 months Ago

May 9, 2020

လေးမျက်နှာတွင် ဘုရားတည်ရန် အုတ်ဂူဟောင်းဖျက်ရာမှ သေနတ်နှင့် လက်ပစ်ဗုံးတွေ့

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ နှမ်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးမှာ မေ ၈ ရက်နေ့ မနက်ပိုင်းက ကျေးရွာဘုရားတည်ဖို့ အုတ်ဂူဟောင်းကို ဖျက်ရာမှ ခြောက်လုံးပြူး ၁ လက်နဲ့ လက်ပစ်ဗုံး ၁ လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာဘုန်းတော်ကြီးကျောင်းနဲ့ ပေ ၁၀၀ လောက်အကွာမှာ ပျက်စီးနေတဲ့ အုတ်ဂူကို နဂါးရုံဘုရားတည်ဖို့ ကျောင်းထိုင်ဆရာတော် ဥူးဝိမလသာရရဲ့ ခိုင်းစေမှုနဲ့ ပေါက်ပြားနဲ့ ပေါက်လိုက်ချိန်မှာ တွေ့ရှိခဲ့တာပါ။ ဒေသခံတဦးက ဒီနေ့မနက်ပိုင်းမှာ တွေ့တာ၊ ဘုရားတည်ဖို့ အဲဒီနားက အုတ်ဂူကိုဖျက်တာ၊ ပေါက်ပြားနဲ့ ပေါက်လိုက်တဲ့အချိန်မှာ တွေ့တာလို့ ပြောတယ်၊ ခုတော့ တာဝန်ရှိသူတွေ လာစစ်ဆေးနေတယ်၊ အနားတော့ အကပ်မခံလို့ သေချာမတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီးထွန်းရွှေက သံချေးတက်နေတဲ့ ခြောက်လုံးပြူးနဲ့ လက်ပစ်ဗုံး တွေ့တယ်လို့ သိရပါတယ်။ အဲဒီမှာ ဘယ်လို ရောက်နေတယ်ဆိုတာကိုတော့ စုံစမ်းနေတုန်းပါ။ သံချေးတက်နေလို့ သုံးမရတော့ပေမယ့် အန္တရာယ်ရှိနိုင်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို သတင်းပို့ပေးတာ ကောင်းပါတယ် လို့ ပြောပါတယ်။ တွေ့ရှိခဲ့တဲ့ သေနတ် ၁ လက်နဲ့ လက်ပစ်ဗုံး ၁ လုံးကို တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်နေပြီး ကွင်းကောက်က အမှတ်-၅ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ အိုင်သပြုနယ်မြေရဲစခန်းက သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
11 months Ago
More News
Up