ကိုရိုနာဆိုတဲ့နာမည်ကြောင့် အနိုင်ကျင့်ခံရတဲ့ သြစတြေးလျကလေးငယ်တစ်ယောက်ကို ကမ္ဘာကျော်မင်းသား တွမ်ဟန့်စ် ပေးစာတစ်စောင်နဲ့ ကိုရိုနာ အမှတ်တံဆိပ် လက်နှိပ်စက်တစ်လုံး လက်ဆောင်ပေးခဲ့တယ်လို့ သြစတြေးလျ ရုပ်သံက ဧပြီ ၂၃ ရက်မှာ ဖော်ပြ လိုက်ပါတယ်။
ကွင်းစလန်ပြည်နယ်က ကိုရိုနာ ဒီဗရီးစ်ဆိုသူ ၈ နှစ်အရွယ် ကလေးငယ် တစ်ယောက်ဟာ သူ့နာမည်ကြောင့် ဝိုင်းအနိုင်ကျင့်ခံရတဲ့ အကြောင်းကို တွမ်ဟန့်စ်ဆီ စာရေးခဲ့ပါတယ်။
တွမ်ဟန့်စ်နဲ့ ဇနီးသည် ရီတာတို့မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိပြီးနောက် သြစတြေးလျ ကမ်းခြေအပန်းဖြေစခန်းတစ်ခုမှာ သီတင်းနှစ်ပတ်ကျော် အသွားအလာကန့်သတ်မှုကို ခံယူခဲ့ပါတယ်။
ကိုရိုနာက တွမ်ဟန့်စ်တို့ကို နေကောင်းသွားပြီလား စာရေးသတင်းမေးခဲ့ပြီးနောက် သူ့ကို ကျောင်းက လူတွေက ကိုရိုနာဗိုင်းရပ်စ် ဆိုပြီး ခေါ်နေလို့ စိတ်ဆိုးရတဲ့ အကြောင်းကိုလည်း စာထဲမှာ ထည့်ရေးခဲ့ပါတယ်။
အဲဒီအခါမှာ အော်စကာ နှစ်ထပ်ကွမ်းဆုရှင် တွမ်ဟန့်စ်က ကိုရိုနာဆိုတဲ့ နာမည်နဲ့လူကို သူတစ်ခါပဲ တွေ့ဖူးပြီး ကိုရိုနာဆိုတာက နေပတ်လည်မှာရှိတဲ့ crown လိုပဲဆိုပြီး ကလေးငယ်ဆီ စာပြန်ရေးခဲ့ပါတယ်။
အဲဒီစာကို တွမ်ဟန့်စ်က သြစတြေးလျကမ်းခြေဆီ သူယူသွားခဲ့တဲ့ ကိုရိုနာအမှတ်တံဆိပ် လက်နှိပ်စက်နဲ့ ရိုက်ခဲ့ပြီး အဲဒီစာမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
စာကြွင်းအနေနဲ့ တွမ်ဟန့်စ်က မင်းမှာ ငါ့လို သူငယ်ချင်း ရှိတယ်ဆိုပြီးလည်း ရေးသား ခဲ့ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
10 months Ago