လက်နက်ဥပဒေကို ခေတ်နှင့်လျော်ညီမှုရှိစေရန် ပြန်ပြင်ရေးဆွဲနေ

February 5, 2020

လက်နက်ဥပဒေကို ခေတ်နှင့်လျော်ညီမှုရှိစေရန် ပြန်ပြင်ရေးဆွဲနေ 

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ လက်နက်ဥပဒေကို ခေတ်နဲ့ လျော်ညီမှုရှိပြီး တပြေးညီ ဖြစ်စေဖို့ ပြန်လည်ပြင်ဆင်ရေးဆွဲနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်ထောင်စု ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ ဖေဖေါ်ဝါရီ ၅ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက လက်နက်ဥပဒေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ရာမှာ လက်နက်ဥပဒေတွေကို လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေဖြစ်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူပြီး ပြန်လည်ပြင်ဆင်ရေးဆွဲနေတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖြေဆိုသွားပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိ ကျင့်သုံးနေတဲ့ လက်နက်ဥပဒေတွေဟာ ၁၈၇၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေဖြစ်ပြီး နှစ်ပေါင်း ၁၄၆ နှစ်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတချို့မှာ လက်နက်တွေကို ကိုင်ဆောင်ခွင့်ပြုနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ သာမန်ကိုင်ဆောင်ရုံနဲ့ ဖမ်းဆီးအရေးယူခံနေရတဲ့အတွက်   ပြည်သူ့လွှတ်တော်ကတဆင့် မေးမြန်းရတာဖြစ်တယ်လို့ စဉ့်ကူးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဒေါက်တာဦးဇော်ဝင်းမြင့်က ပြောပါတယ်။ ပြည်ထဲရေးဒုဝန်ကြီးအနေနဲ့ လက်နက်ဥပဒေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည် ပြင်ဆင်ရေးဆွဲနေတယ်လို့ ဖြေဆိုသွားခဲ့ပေမယ့် ဘယ်အခြေအနေရောက်နေပြီဆိုတာကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိသလို လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ထပ်ဆင့်မေးမြန်းခြင်းမရှိပါဘူး။ ဖြိုးသက်ပိုင်မြင့် 
1 year Ago
Up