လက်နက်ရောင်းချမှု

May 29, 2021

မြန်မာအပေါ် လက်နက်ရောင်းချမှု ရပ်တန့်ထားခြင်းကို အာဆီယံ ၉ နိုင်ငံက ကန့်ကွက်

မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ရပ်တန့်ထားတာကို အသိအမှတ်မပြုဖို့ အရှေ့ တောင်အာရှ ၉ နိုင်ငံဟာ ကုလသမဂ္ဂကို တိုက်တွန်းလိုက်ကြောင်း Benar News မှာ ဖော်ပြပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခံရပြီး စစ်တပ်ဦးဆောင်တဲ့ စစ်ကောင်စီအုပ်စုကနေ ဆန္ဒပြသူတွေအပေါ် အစုလိုက်အပြုံလိုက် အကြမ်းဖက်နှိမ်နင်းမှုတွေ ရှိနေတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းကို အဆိုတင်သွင်းတဲ့ နိုင်ငံတွေကို အာဆီယံ ၉ နိုင်ငံက စာရေးသားပေးပို့ခဲ့တာလို့ Liechtenstein သံတမန်ရဲ့ပြောစကားကို ကိုးကားပြီး Radio Free Asia က ရေးပါတယ်။ 

အဲဒီပေးပို့စာထဲမှာ  “မြန်မာနိုင်ငံသို့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အားလုံးကို တိုက်ရိုက်နဲ့ သွယ်ဝိုက်ထောက်ပံ့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကို ချက်ချင်းရပ်တန့်ရန်” ဆိုတဲ့ ဝါကျစာသားကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်ချက်မူကြမ်းကို အဆိုပြုတဲ့ နိုင်ငံတွေကို တောင်းဆိုထားတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။ 

ဒီစာကို အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့အဖွဲ့ဝင် ၁၀ နိုင်ငံထဲက မြန်မာနိုင်ငံ မဟုတ်တဲ့ တခြား ၉ နိုင်ငံက ကိုယ်စားပေးပို့တာလို့ Benar News က ဆိုပါတယ်။

ကုလဆိုင်ရာ Liechtenstein ရဲ့ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် Georg Sparber ကတော့ ဒီစာနဲ့ပတ်သက်ပြီး အကြောင်းပြချက် ပေးစရာမရှိဘူ◌းလို့ တုံ့ပြန်ပါတယ်။ 

Benar News မှာလည်း စာမိတ္တူ မရရှိထားဘူးလို့ ဆိုသလို အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီစာကို သူ သတိမထားမိကြောင်း ပြောဆိုပြီး အာဆီယံကို မေးဖို့ လမ်းကြောင်းလွှဲပါတယ်။ 

အာဆီယံပြောရေးဆိုခွင့်ရှိသူကလည်း ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ ချက်ချင်းမတုံ့ ပြန်သေးပါဘူး။ 

အာဆီယံဟာ မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေကို အဆုံးသတ်ဖို့နဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်နိုင်ဖို့ ဦးဆောင်နေပါတယ်။

6 months Ago

May 8, 2021

မြန်မာစစ်အုပ်စုအား လက်နက်ရောင်းချမှု ချက်ခြင်းပိတ်ပင်ရန် ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တိုက်တွန်း

မြန်မာစစ်အုပ်စုအပေါ်လက်နက်ရောင်းချမှု ပိတ်ဆို့အရေးယူဖို့ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေရဲ့ တောင်းဆိုချက်ကို ကြိုဆိုခဲ့ပြီး ကုလလုံခြုံရေးကောင်စီဝင်နိုင်ငံတွေအနေနဲ့ ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က တိုက်တွန်းလိုက်ပါတယ်။ 

မြန်မာစစ်အာဏာရှင်လက်ထဲကို လက်နက်တွေနဲ့ လက်နက်အသုံးချနည်းပညာတွေ ပေးအပ်နေတာကို ရပ်တန့်လိုက်ဖို့ဟာ သေရေးရှင်ရေးကိစ္စဖြစ်တာကြောင့် အချိန်ဆွဲနေလို့ မရတော့ဘူးလို့လည်း ဆိုပါတယ်။ 

ဒါကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အာရုံစိုက်မိလာအောင် အားထုတ်ကြိုးပမ်းခဲ့တဲ့ အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ကိုလည်း ချီးကျူးပါကြောင်းနဲ့ ကိုယ့်ပြည်သူကိုယ် သတ်ဖြတ်ပစ်မယ့် လက်နက်တွေကို အသုံးပြုမယ့်သူတွေလက်ထဲ အသက်တွေ သေစေမယ့် လက်နက်ပစ္စည်းတွေ စီးဆင်းနေမှုကို ရပ်တန့်ပစ်ဖို့ ဆောင်ရွက်ချက်ကို ခုပဲလုပ်ဆောင်ဖို့လိုနေပါပြီလို့ ပြောထားပါတယ်။ 

ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်ဆီ လက်နက်တွေ ပေးအပ်နေတာကို ဖြတ်တောက်ပစ်ဖို့ ထောက်ခံအားပေးတဲ့ အစိုးရတွေအနေနဲ့ အာဏာသိမ်းစစ်အုပ်စီဆီ လက်နက်တင်ပို့မှုကို ကိုယ့်နိုင်ငံနဲ့ကိုယ် ပိတ်ဆို့အရေးယူဖို့ကိစ္စ ချက်ချင်းစဉ်းစားသုံးသပ်ဖို့နဲ့ တချိန်တည်းမှာပဲ ကုလလုံခြုံရေးကောင်စီရဲ့ အရေးယူမှုကို အားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

 တွမ်အင်ဒရူးစ်ဟာ လက်ရှိမှာ မြန်မာနိုင်ငံဆီ လက်နက်တင်ပို့မှု ပိတ်ပင်ထားတဲ့ နိုင်ငံများ စာရင်းကို ပြန်လည်သုံးသပ်ပြုစုနေပြီး လူ့အခွင့်အရေးကောင်စီသို့ မတ်လအစီရင်ခံစာမှာ  မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှု ပိတ်ပင်ထားပြီးသော နိုင်ငံတွေကို ဖော်ထုတ်ခဲ့ပါတယ်။

 လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့ မချမှတ်ရသေးတဲ့ သူတွေအနေနဲ့လည်း မြန်မာစစ်တပ်ဟာ သူ့ နိုင်ငံသားတွေကို နေ့စဉ်ရက်ဆက် ဒုက္ခပေးနေပြီး ဒီလိုတွေ ဆက်လုပ်နေလိမ့်မယ် ဆိုတာကို သိအောင်ရည်ရွယ်မျှော်လင့်ပါတယ်လို့လည်း  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က တိုက်တွန်းထားပါတယ်။ 

7 months Ago
Up