လက်နက်ကြီးဖြင့်ပစ်ခတ်

December 22, 2021

သေ့ဘောဘိုးကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ရွာသားများ စစ်ဘေးရှောင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာမှာ ဒီဇင်ဘာ ၂၂ ရက် မနက်က စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သောင်ရင်းမြစ်ကမ်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီမနက် ၈ နာရီလောက်က စစ်ကောင်စီရဲ့တပ်စခန်း (သေ့ဘောဘိုး) ကို KNLA တပ်ဖွဲ့က သွားရောက်ဝိုင်းဝန်းပိတ်ဆို့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကို စစ်ကောင်စီတပ်ဘက်က ကျေးရွာအတွင်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၁၀၀၀ ကျော်လောက် နယ်စပ်သောင်းရင်းမြစ်ကမ်းနံဘေးမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ သေ့ဘောဘိုး ကျေးရွာသားတစ်ဦးက "မနက် ၈ နာရီလောက်တည်းက ပစ်နေတာ။ နာရီဝက်လောက်ကြာတယ်။ အကြမ်းဖက်ကောင်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်နေတာ။ ရွာထဲလည်း ကျတယ်။ ထိုင်းဘက်ခြမ်းမှာလည်း ကျတယ်။ ဒါကြောင့် ရွာသားတွေ အားလုံးထွက်ပြေး တိမ်းရှောင်လာရတာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်ခြမ်းက  ကျေးရွာတွေအတွင်း ကျရောက်ခဲ့တဲ့အတွက် ထိုင်းကျေးရွာသားတွေပါ တိမ်းရှောင်နေရပါတယ်။

တိုက်ပွဲကြောငုင့် သေ့ဘောဘိုးကျေးရွာသားတွေနဲ့ အနီးဝန်းကျင်ကျေးရွာ ၃ ရွာက ဒေသခံ ၁၀၀၀ ကျော်လောက်ဟာ ထိုင်းနိုင်ငံဘက် သွားရောက်တိမ်း‌ရှောင်နိုင်ဖို့ ထိုင်းနိုင်ငံတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်ရှောင်လာသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေအ များဆုံးပါဝင်ပြီး ကလေးအသုံးအဆောင်၊ အစားအသောက်၊ အရေးပေါ်ဆေးဝါး၊ အနွေးထည်၊ စောင်၊ ရွက်ဖျင်တဲ့အတွက် မိုးကာစတွေ အရေးပေါ်လိုအပ်နေတယ်လို့ သေဘောဘိုးကျေးရွာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက်က စတင်ပြီး ကေအန်ယူ တပ်မဟာ‌ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေ နယ်မြေကျူးကျော်ဝင်ရောက်လာရာက နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

1 month Ago

June 16, 2021

သိန္နီမြို့တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ဇွန် ၁၆ ရက် မနက် ၈ နာရီလောက်က စတင်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့်  မြို့တွင်းတိုက်ပွဲ​ ဖြစ်ပွားလာမှာကို စိုးရိမ်နေတယ်လို့ မြို့ခံပြည်သူတွေက ဒီဗွီဘီကို ပြောပါတယ်။ 

သိန္နီမြို့ပေါ်မှာ လူစည်းကားနေချိန် အခြေစိုက် စကခ ၁၆ ဘက်ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် မြို့တွင်းတိုက်ပွဲပြန်လည် ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတာပါ။

“မနက် လူစည်းကားချိန် လက်နက်ကြီး ၄ လုံးဆက်တိုက်ပစ်သံ အကျယ်ကြီးကြားရတယ်။ ပစ်တာက မြို့နားက ပစ်တာ။  အခုလို ပစ်ခတ်နေရင် မြို့တွင်းတိုက်ပွဲ ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်” လို့  မြို့ခံပြည်သူ တစ်ဦးက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့်  မြို့ပေါ်မှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေနဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ စျေးရောင်းစျေးဝယ်တွေ သွားလာမှုမရှိတော့ဘဲ တိတ်ဆိတ်သွားခဲ့ပါတယ်။

သိန္နီမြို့ပတ်ဝန်းကျင်နဲ့ ပြည်ထောင်စုလမ်းမကြီးတလျှောက် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ  နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကလည်း အကြမ်းဖက်စစ်ကောင်စီနဲ့ TNLA တို့ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် လူနေအိမ်တွေ လက်နက်ကြီးထိမှန်ပျက်စီးခဲ့သလို ဒေသခံပြည်သူတချို့ လက်နက်ကြီးထိမှန် ဒဏ်ရရှိခဲ့ပါတယ်။

7 months Ago
Up