လက်နက်ကြီးကျရောက်ပေါက်ကွဲ

August 14, 2020

အမ်းမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကုဇုကိုင်းကျေးရွာအုပ်စု ဆင်ဦးတိုက်ကျေးရွာက ဇနီးမောင်နှံ နှစ်ဦးဟာ ဩဂုတ် ၁၂ ရက်က  ဥယျာဉ်ခြံအတွင်း  တညင်းသီးဆွတ်ခူးနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ ဆင်ဦးတိုက်ကကျေးရွာက အမျိုးသမီးဟာ  ဒေါ်မိုးမိုး (၄၂ နှစ်) ဖြစ်ပြီး ဘယ်ဘက်ခါးမှာ ဒဏ်ရာရရှိသွားတာကြောင့် ကမ်းထောင်းကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။  အမ်းမြို့နယ်မှာ လူမှုကူညီရေးဆောင်ရွက်ပေးနေတဲ့ ကိုမျိုးလွင်က “ကမ်းထောင်းကြီး ကယ်ဆယ်ရေးစခန်းမှာနေတဲ့ ဇနီးမောင်နှံ ၂ ဦးက မိမိဥယျာဉ်မှာ တညင်းသီးခူးဆွတ်နေစဉ် ကဇုကိုင်းကျေးရွာရှိ ရွာတောင်ကြီးမှာစခန်းချထားတဲ့ တပ်မတော်စခန်းက လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်လို့ ဇနီးသည်အနားမှာ ကျရောက်ပေါက်ကွဲလို့ ခါးမှာဒဏ်ရာ ရရှိသွားတာပါ။ သူ့ရဲ့ ယောကျ်ားကတော့ ဘာမှမဖြစ်လိုက်ဘူး။” လို့ပြောပါ တယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကလည်း ကဇုကိုင်းအုပ်စု ဂျိတ်တောကျေးရွာက ကျေးရွာသား ၁ ဦးမှာ ဥယာဉ်ထဲ တညင်းသီးသွားခူးနေစဉ်မှာ မြေမြုပ်မိုင်းပေါက်ကွဲခဲ့လို့သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ အလောင်းကိုသယ်ယူနေတဲ့ချိန် နောက်ထပ်မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့လို့ ထပ်မံ ၁ ဦး သေဆုံး သွားပြီးနောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။
1 year Ago

August 12, 2020

ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ အမျိုးသမီး ၁ ဦး ဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခပေါ်ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး  စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ရောက်ရှိနေတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူမှာ ဒေါ်မသန်းရီ (၄၂)နှစ်ဖြစ်ပြီး  ယာဘက်လက်မောင်းနဲ့ကျောကုန်းပေါ်မှာ ဒဏ်ရာရရှိသွားတာပါ။ မနေ့က သြဂုတ် ၁၁ ရက် ညနေ ၈ နာရီမှာ ခပေါ်ကျေးရွာအနီးအနားက မီတာ ၃၀၀ လောက်ဝေးကွာတဲ့ သံဖုရာတောင်၊ မာလာရွာအကြားမှာ တပ်မတော်နဲ့ ရက္ခိုင့် တပ်တော်အေအေတို့ မိနစ်၂၀ ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ရာက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာအတွင်းကိုကျ ရောက်ပေါက်ကွဲခဲ့တာလို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။ ဒေါ်မသန်းရီရဲ့ ယောက္ခမ ဦးဖြူသာဦးက “၈ နာရီအချိန်မှာ တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲ ဖြစ်လို့ ၁၅ မိနစ်အကြာမှာ နောက်ဆုံး လက်နက်ကြီးတစ်လုံး ကျနော့်ရဲ့ ချွေးမ အိမ်ထဲကို ကျလို့ ပေါက်ကွဲသွားပါတယ်။ လက်နက်ကြီး ပေါက်ကွဲလို့ ချွေးမမှာလက်နက်ကြီး စတွေထိမှန်ခဲ့ပါတယ်။ အိမ်မှာမွေးထားတဲ့ဝက်တစ်ကောင်က ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လက်နက်ကြီးကို ဘယ်အဖွဲ့အစည်းက ပစ်လိုက်တာလို့မသိပါ”လို့ပြောပါတယ်။ ဒဏ်ရာရရှိတဲ့အမျိုးသမီးမှာ မနေ့က ကျောက်တော်ဆေးရုံးမှာ ဆေးကုသမှုခံယူနေစဉ် ဓာတ်မှန်ရိုက်ကြည့်ပြီးနောက် ခွဲစိတ်ရမှာဖြစ်တယ်လို့ ကျောက်တော်ဆရာဝန်ကြီးက ပြောတာကြောင့် စစ်တွေဆေးရုံကိုပြောင်းရွေ့လာရတာဖြစ်တယ် လို့ ဦးဖြူသာဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က ကျောက်တော်မြို့နယ် ကျောက်တစ်လုံးကျေးရွာအတွင်းကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
1 year Ago
More News
Up