လက်နက်ကြီးကျည်ကျ

A d v e r t i s e m e n t With Us

November 11, 2020

အမ်းမြို့နယ်၌ လက်နက်ကြီးကျည်ကျပြီး ကလေးငယ် ၃ ဦးအပါအဝင် ၆ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအုပ်စု ရှောက်ချုံကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့ညက ရွာထဲကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၃ ဦး အပါအဝင် ၆ ဦး ဒဏ်ရရှိသွားခဲ့ပါတယ်။ အဆိုပါဒဏ်ရာရရှိသွားသူ ၆ ဦးဟာ ကမ်းထောင်းကြီးမြို့ဆေးရုံကို လာရောက်ဆေးကုသမှု ခံယူနေကြရပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ကမ်းထောင်းကြီးမြို့က လူမှု ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။ ကမ်းထောင်းကြီးမြို့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီနေသူ ကိုရန်နိုင်စိုး က “အမ်းမြို့နယ် ရှောက်ချုံကျေးရွာမှာပါ၊ ပစ်တာကတော့ အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာ တောင်ပေါ်မှာ တပ်စွဲထားတဲ့စစ်တပ် ကပစ်လိုက်တာပေါ့။ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီလောက်မှာ ဖြစ်တာပါ၊ ရွာထဲကိုလက်နက်ကြီးကျည် တစ်လုံးကျလာတယ်။ အဲဒီမှာ ကလေးငယ် ၃ ဦးအပါအဝင် လူ ၆ ဦးဒဏ်ရာရကြတယ်၊ အဲဒီလူတွေထဲက ၂ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။” ဒဏ်ရာရတဲ့ အထဲမှာ ကလေး ၃ယောက်၊ လူငယ် ၁ ယောက်နဲ့ အသက်(၃၁)နှစ်အရွယ် အမျိုးသမီး ၁ ယောက် ၊ အသက်(၅၄)နှစ်အရွယ် အမျိုးသား ၁ ယောက်ပါဝင်ပြီး အဲဒီထဲမှာက အသက်(၃၁)နှစ်အရွယ် မတင်မေနှင်းနဲ့ အသက်(၅၄)နှစ်အရွယ် ဦးခင်မောင်တို့က ဒဏ်ရာပြင်းထန် ရထားတယ်လို့သိရပါတယ်။ လက်နက်ကြီးကျတဲ့ရွာနဲ့ ကမ်းထောင်းကြီးမြို့နဲ့  (၆)မိုင်လောက်ဝေးပြီး လက်နက်ကြီး တောက်လျှောက်ပစ်နေတဲ့အသံကို မြို့ကနေတောင်ကြားနေရတယ်လို့  လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီနေသူ ကိုရန်နိုင်စိုးက ပြောပါတယ်။ အဆိုပါ ရှောက်ချုံကျေးရွာမှာ အိမ်ခြေ ၆၀ ကျော်ခန့်ရှိပြီး လူဦးရေ ၁၅၀ ကျော်ခန့်ရှိကာ ရွာထဲကိုလက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ကျေးရွာနေသူတချို့ ဒဏ်ရာရရှိသွား သလို နေအိမ်တချို့မှာလည်း ပျက်စီးသွားခဲ့တာကြောင့် ဒေသခံတွေမှာ စိုးရိမ်ထိတ်လန့်ကာ ကမ်းထောင်းကြီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် လာခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို တပ်မတော်မှ လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံတွေဒဏ်ရာရသွားတယ် ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ခံဖြေဆိုမှု မရှိခဲ့ပါဘူး။ သတင်း - နောင်နောင်
4 months Ago

April 8, 2020

ပလက်ဝမြို့နယ်တွင်  လက်နက်ကြီးကျည်ကျပြီး အမျိုးသမီး  ၃ ဦးအပါအဝင် ၇ ဦးသေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီးကျည်ကျရောက်ခဲ့တာကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၇ ဦးဒဏ်ရာရရှိကာ လူနေအိမ်တချို့ ပျက်စီးသွားပါတယ်။  ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ နန်းချောင်းဝကျေးရွာမှာ ဧပြီ ၇ ရက် ညနေပိုင်းက လေယာဉ်ဗုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။ “လေယာဉ်ပေါ်ကနေဗုံးကြဲတာပေါ့။ လေယာဉ်ပေါ်ကနေပစ်ခတ်လို့ ကျတာ”လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူ ၇ ဦးကတော့ ပလက်ဝဆေးရုံကို ဧပြီ ၈ ရက်နေ့ မနက်ပိုင်းမှာ ရောက်ရှိခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့လည်း ပြောပါတယ်။ ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့်သ​ဘာဝဘေးကူညီရေးအဖွဲ့ကတော့ ဧပြီ ၇ ရက်က ဖြစ်ပွားတဲ့ နန်းချောင်းဝရွာ တိုက်ပွဲမှာ သေဆုံးသူ အရပ်သား အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၄ ဦး စုစုပေါင်း  ၇ ဦး၊ ဒဏ်ရာရသူ အမျိုးသမီး ၇ ဦး အမျိုးသား ၁ ဦး စုစုပေါင်း ၈ ဦး ရှိပြီး အားလုံးဟာ ချင်းတိုင်းရင်းသားတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ တပ်မတော်ဘက်ကတော့ နမဒါရဲ့ အရှေ့တောင်ဘက်မှာ အေအေနဲ့ တိုက်ပွဲဖြစ်တာရှိပေမယ့် အဲဒီလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။ အေအေအဖွဲ့ကို ဆက်သွယ်မေးမြန်းသတင်းရေးသားတဲ့ သတင်းသမားတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုနေတာကြောင့် ဆက်သွယ်မေးမြန်းဖို့ အဆင်မပြေသေးပါဘူး။ သတင်း-ထက်ဝေအောင်
11 months Ago
Up