လက်တွေ့စမ်းသပ်မှု

December 2, 2020

အိန္ဒိယတွင် ရုရှား ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V ကို လက်တွေ့စမ်းသပ်မှု စတင်

အိန္ဒိယ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ဒေါက်တာရဒ်ဒီနဲ့ ရုရှား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) တို့ဟာ ရုရှားထုတ် စမ်းသပ်ဆဲ ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V အိန္ဒိယမှာ လက်တွေ့စမ်းသပ်မှု စတင်လိုက်ပြီလို့ ဒေါက်တာရဒ်ဒီက ဒီဇင်ဘာ ၁ ရက်နေ့မှာ ကြေညာပါတယ်။ သူတို့ဟာ အိန္ဒိယအာဏာပိုင်တွေဆီက လိုအပ်ချက်အဆင့်ကို ရှင်းလင်းဆောင်ရွက်ပြီးချိန်မှာ အဆင့် ၂ နဲ့ အဆင့် ၃ လက်တွေ့ စမ်းသပ်ချက်တွေကို ဆောင်ရွက်ပြီးပြီလို့လည်း ဒေါက်တာရဒ်ဒီက ကြေညာချက် ထုတ်ပြန်ပါတယ်။ ရုရှားမြို့တော် မော်စကိုကနေ အိန္ဒိယမြို့တော် နယူးဒေလီကို ပေးပို့ခဲ့တဲ့ Sputnik V ဆေးနာမည် ခတ်နှိပ်ထားတဲ့ အပြာရောင်သေတ္တာပုံပါ ရုပ်သံကို RDIF က  မနေ့က ထုတ်လွှင့် ပြသပါတယ်။ Dr. Reddy's နဲ့ RDIF တို့ဟာ Sputnik V ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်နိုင်ရေး စက်တင်ဘာ ၂၀၂၀ မှာ မိတ်ဖက်ဖြစ်ခဲ့ပြီး အိန္ဒိယမှာ ပထမအသုတ် ကာကွယ်ဆေး ထိုးဆေး သန်း ၁၀၀ ကို ဖြန့်ချိဖို့ သဘောတူခဲ့ကြတယ်လို့ အိန္ဒိယကုမ္ပဏီက ပြောပါတယ်။ ရုရှားအစိုးရနဲ့ နိုင်ငံခြားမိတ်ဖက်တွေဟာ ဒီဆေးကို လာမယ့်နှစ်ကစပြီး အလုံးရေ ၁ ဘီလီယံကျော်ထိ ထုတ်လုပ်နိုင်စွမ်းရှိတယ်။ ဒါဟာ လူဦးရေ သန်း ၅၀၀ အတွက် ကာကွယ်ဆေးထိုးဖို့ လုံလောက်တယ်လို့ RDIF အကြီးအကဲက ပြောပါတယ်။ ဒီဆေးဟာ နိုင်ငံတကာ ဈေးကွက်မှာ လူတယောက်အတွက် အမေရိကန်ဒေါ်လာ ၂၀ အောက် ကျသင့်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။
4 months Ago
Up