လက်တင်အမေရိကဒေသတွင်း ဒုတိယအကြီးဆုံးနဲ့ကမ္ဘာ့ဒုတိယသက်တမ်းအရင့်ဆုံး လေကြောင်းလိုင်းဖြစ်တဲ့ အဗီယန်ကာဟာ သတ်မှတ်ငွေတွေကို နောက်ဆုံးရက်အထိ ပြန်မပေးနိုင်တော့တဲ့ အတွက် မေ ၁၀ ရက်က ဒေဝါလီခံလိုက်ရပါတယ်။
ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာအခြေစိုက်တဲ့ ဒီလေကြောင်းလိုင်းဟာ ကပ်ဘေးကြောင့် ဒေဝါလီခံရတဲ့ ကမ္ဘာ့ပထမဆုံးလေကြောင်းလိုင်းလည်း ဖြစ်လာပါတယ်။
အဗီယန်ကာဟာ မတ်လကုန်ပိုင်းကစလို့ ကပ်ဘေးကြောင့် လေယာဉ်တွေ ပြေးဆွဲနိုင်ခြင်း မရှိဘဲ ဝန်ထမ်း နှစ်သောင်းလောက်ကိုလည်း လခပေးနိုင်ခဲ့ပါဘူး။
အဗီယန်ကာဟာ ၂၀၁၉ ခုနှစ်ထဲမှာပဲ အကြွေးဒေါ်လာ ၇ ဒသမ ၃ ဘီလျံရှိထားတာပါ။ ဒီလေကြောင်းလိုင်းဟာ အစိုးရဆီက လုပ်ငန်းအာမခံရဖို့ မျှော်လင့်နေဆဲဖြစ်ပြီး အကြွေးကိစ္စ ရှင်းပြီးရင် လုပ်ငန်းပြန်ပြေးဆွဲမယ်လို့လည်း ပြောပါတယ်။
အဗီယန်ကာဟာ လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ရက်သတ်မှတ်နိုင်ခြင်းမရှိသေးဘဲ ကိုလံဘီယာ၊ အယ်ဆာဗေးဒိုးနဲ့ ပီရူးတို့မှာလည်း အသွားအလာကန့်သတ်ချက် လော့ဒေါင်း ချထားတဲ့အတွက် ခရီးစဉ်တွေ ပြေးဆွဲနိုင်ခြင်း မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
10 months Ago